GAP နည်းစနစ်ဖြင့်စိုက်ပျိုးသည့် ရွှေနီသင်္ဘောသီးများ ဈေးကွက်ဝင်ကာ အောင်မြင်ဖြစ်ထွန်း

ပုဗ္ဗသီရိ နိုဝင်ဘာ ၁၅

 

ဗီတာမင်များစွာပြည့်ဝပါရှိသော စားသုံးသီးပင်အနေနှင့်သာမက ဆေးဖက်ဝင် အပင်အဖြစ် အသုံးဝင်သော ရွှေနီ(၁၆၈)သင်္ဘောပင်ကို ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကိုးရွာသပြေကုန်း၊ စက်စက်ယိုစိုက်ကွင်း၌ ရွှေဖူးစိုက်ပျိုးရေးလုပ်ငန်းစုက မက္ကဆီကိုမှ မူရင်းမျိုးစေ့ယူကာ ထိုင်ဝမ်မှမျိုးစေ့ထုတ်၍ GPA နည်းစနစ်ဖြင့် အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိပြီး သင်္ဘောပင်များ ဈေးကွက်ဝင်အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ရွှေနီ(၁၆၈)ပထမတန်းစား သင်္ဘောပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ရွှေဖူးစိုက်ပျိုးရေးလုပ်ငန်းစုမှ စိုက်ပျိုးရေး ပညာရှင် ဦးမျိုးဝင်းလှိုင်က " ကျွန်တော်တို့ စိုက်ဧကပေါင်း (၃၀)ဧကမှာ အပင် (၂၀၄၀၀) ပင် စိုက်ပျိုးထားရှိတယ်။ တစ်ဧကကို အပင် (၆၈၀)ပင်ရှိပြီးတော့ (၈)ပေတန်းကြားစီ စိုက်ပျိုးထားပါတယ်။ ရွှေနီသင်္ဘောတွင် အမနှင့် လိင်စုံ သာရှိတယ်၊ သူ့ကိုစိုက်မယ်ဆိုရင်တော့ မြေချဉ်ငန် ကိန်းPH(၆.၅)၊ ဒေသရာသီဥတုအပူချိန် (၃၄)ဒီဂရီစင်တီဂရိတ် အတွင်းရှိရပါမယ်၊ မြေစိုထိုင်းစကို (၅၈)ရာခိုင်နှုန်း ထားရှိရပြီး စတင်စိုက်ပျိုးသည့် အချိန်ကနေ နှစ်လသားအရွယ်တွင် ပန်းစပွင့်ကာ ခြောက်လ အရွယ်တွင် အသီးများ စတင်ခူးဆွတ်နိုင်ပါတယ်၊ ကိုးလအကြာ၌ အသီးအားလုံး ခူးဆွတ်ပြီးပါပြီ၊ ရွှေနီတစ်ပင်မှာ အလုံးရေ (၇၀)ကနေ (၁၀၀)အထိ ထွက်ရှိပါတယ်၊ တစ်ဧကကို အပင်ပေါင်း(၆၈၀) ထဲမှာမှ ပြုန်းတီးပင် (၈၀)ပယ်ထားပြီး အပင်(၆၀၀)မှာ အလုံးရေ(၄၂၀၀)လုံးထွက်ရှိပါတယ်။ တစ်ဧကမှာ ရင်းနှီး ကုန်ကျငွေ (၁၈)သိန်းခန့် ကုန်ကျပါတယ်၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာမှာ လူတန်းစားမရွေးစားသုံးနိုင်စေဖို့ အစိမ်းသီးကို တစ်လုံး(၅၀၀)ကျပ်နဲ့ အမှည့်ကို တစ်လုံး (၁၅၀၀/၂၀၀၀)ကျပ် ရောင်းချပေးပြီး အပင်စိုက်ပျိုးချင်သူများအတွက်လည်း အပင်ပေါက်တစ်ပင်ကို (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးပါတယ်၊ လက်ရှိမှာတော့ ရွှေနီသင်္ဘောသီးများကို မြန်မာနိုင်ငံအမြို့မြို့ အနယ်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ပြည်ပနိုင်ငံသို့လည်း တင်ပို့ရောင်းချရန် ဆောင်ရွက်နေပါတယ်၊ ဒါ့အပြင် အပင်စိုက်ဝါသနာပါတဲ့ မိဘပြည်သူများအနေဖြင့်လည်း စီးပွားဖြစ်ဖြင့်စေ၊ တစ်နိုင်တစ်ပိုင်ဖြစ်စေ ရွှေနီသင်္ဘောကို စိုက်ပျိုးကြစေလိုကြောင်းနဲ့ ရွှေဖူးသင်္ဘောစိုက်ခင်းသို့ မည်သူမဆို လာရောက် လေ့လာနိုင်ပါတယ်" ဟု ​ပြောကြားခဲ့သည်။

 

မျိုးသီဟ (ပြန်/ဆက်)