ရန်ကုန် ၁၀ မေ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် Gavi ၏ ထောက်ပံ့မှုဖြင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အစီအစဉ်ဖြင့် ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ပစ္စည်း (test kits)နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ကူညီပေးသည့် အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းထားသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်းများ တင်ဆောင်လာသည့် မလေးရှားနိုင်ငံမှ အထူးလေယာဉ်သည် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ဌာနေကိုယ်စားလှယ် Ms. June Kunugi က မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် Gavi ၏ ထောက်ပံ့မှုဖြင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အစီအစဉ်ဖြင့် ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ပစ္စည်း (test kits )နှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က လက်ခံရယူသည်။
လှူဒါန်းမှုနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က “ဒီနေ့ရောက်ရှိလာတဲ့ ပစ္စည်းတွေကတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ တပ်ဆင်ထားတဲ့ COBAS 6800 စက်အတွက်လိုအပ်တဲ့ test kits တွေပါ။ အရေအတွက်အားဖြင့် ၁၀၀၀၀ ပါ။ ပထမအကြိမ်အဖြစ် ရောက်ရှိလာတာဖြစ်ပါတယ်။ နောက်ထပ်လည်း ရောက်ရှိလာဦးမှာဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် Gavi ၏ ထောက်ပံ့မှုဖြင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ အစီအစဉ်ဖြင့် ဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ်ပစ္စည်း (test kits) အရေအတွက်မှာ ၃၀၀၀၀ ဖြစ်ပြီး ယနေ့တွင် ပထမဆုံးအကြိမ်အဖြစ် အခုရေ ၁၀၀၀၀ ရောက်ရှိလာခြင်းဖြစ်ကာ ယနေ့ ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၅၉၁၃ ဒေါ်လာဖြစ်ကြောင်း ဒေါက်တာသာထွန်းကျော်ထံမှ သိရသည်။
ထိုသို့ ထောက်ပံ့ကူညီမှုများ ပေးနိုင်ရန်အတွက် ထောက်ပံ့ကူညီမှု ပစ္စည်းများ သယ်ဆောင်ရန် လေကြောင်းခရီးစဉ်၏ ကုန်ကျငွေများကို ဥရောပသမဂ္ဂနှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ ငွေကြေးပံ့ပိုးမှုများဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ရန်ကုန်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အပတ်စဉ်ချိတ်ဆက်ပေးနိုင်မည့် လူသားချင်း စာနာထောက်မှုဆိုင်ရာ လေကြောင်းပျံသန်းမှုအကူအညီ ဆောင်ရွက်လျက်ရှိရာ ယနေ့ခရီးစဉ်မှာ ပထမဆုံးခရီးစဉ်ဖြစ်သည်။
အဆိုပါလေကြောင်း ယာဉ်ပျံသန်းမှုခရီးစဉ် တစ်ကြိမ်တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်းများ (၂ မက်ထရစ်တန်အထိ) မြန်မာနိုင်ငံသို့ တင်ဆောင်သယ်ယူနိုင်မည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးမှု အကူအညီပေးရေးအဖွဲ့များ၏ ဝန်ထမ်းများကိုလည်း သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။
အလားတူ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့ကလည်း ဆေးဝါး၊ စက်ပစ္စည်းနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ထံမှ သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


