မတ် ၁၃
ဂါဘွန်နိုင်ငံ၏မြို့တော် လီဘီဗီလီကမ်းလွန်တွင် မတ်လ ၉ ရက်အစောပိုင်းက ကူးတို့လှေတစ်စင်းနစ်မြုပ်ခဲ့သဖြင့် ခြောက်ဦးသေဆုံးပြီး အခြား ၃၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဂါဘွန်အစိုးရက ယမန်နေ့နှောင်းပိုင်းက ပြောကြားသည်။
တော်ဝင်ကမ်းရိုးတန်းပင်လယ်ကုမ္ပဏီမှ အက်တာမီရာလီအမည်ရှိ အဆိုပါကူးတို့လှေသည် မတ်လ ၉ ရက်က ဒေသစံတော်ချိန် မနက် ၃ နာရီ ၅၈ မိနစ်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
ထိုလှေနစ်မြုပ်မှုမှ လူပေါင်း ၁၂၄ ဦးကိုကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
၎င်းကူးတို့လှေသည် ခရီးသည်များနှင့် ကုန်ပစ္စည်းများကိုတင်ဆောင်ကာ ဂါဘွန်နိုင်ငံ၏ဒုတိယအကြီးဆုံး ဂျန်တယ်ဆိပ်ကမ်းသို့ ဦးတည်သွားနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို