ရန်ကုန်   ၃၁   ဇူလိုင်

 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ဂျော်ဒန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့  ပြန်ရန်အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသား(၁၂၁)ဉီးအား မြန်မာသံရုံး၊ တဲလ်အဗီးမြို့၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် တတိယအကြိမ် ပြန်လည်ခေါ်ဆောင်ပေးခဲ့ရာ ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ 


ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၆၅)ဦးအား အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေး လေယာဉ် ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး၊ ဖနောင်ပင်မြိုမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ယနေ့ မွန်းလွဲ ၁၁ နာရီ ၄၅ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ 


ဖော်ပြပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။


နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၉၅၂၈)ဦးအား ကယ်ဆယ်ရေး/ အထူး လေယာဉ်များဖြင့်  မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်