နေပြည်တော် ၁၉ ဇူလိုင်
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာသံရုံးများနှင့်ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဂျော်ဒန်နိုင်ငံရှိ Rich Pine၊ Century Miracle နှင့် Camel and Vega စသည့် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမား (၁၄၀)ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ဖြင့် ပထမအကြိမ် ကယ်ဆယ်ရေး လေယာဉ်ပြေးဆွဲလျက် ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် မြန်မာသံရုံး၊ တဲလ်အဗီးမြို့မှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ၁၉-၇-၂၀၂၀ ရက်နေ့၊ နံနက် ၄ နာရီ ၄၅ မိနစ် အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ဖေါ်ပြပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင် ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍လည်း ဂျော်ဒန်နိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများအား ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ စတုတ္ထအပတ်အတွင်း ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
#နိုင်ငံခြားရေးဝန်ကြီးဌာန


