ဝါရှင်တန် ဇန်နဝါရီ ၂၉
ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက် စခန်းတစ်ခုကို ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အမေရိကန် စစ်မှုထမ်း သုံးဦး သေဆုံးကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မကြာသေးမီက အရှေ့ အလယ်ပိုင်းတွင် အမေရိကန် တပ်ဖွဲ့များအား ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်မှုကြောင့် ဒေသတွင်း ပဋိပက္ခဖြစ်ပွားမှုများ ပိုမိုပြင်းထန်လာမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။
ဆီးရီးယား နယ်စပ်အနီး ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အမေရိကန် အခြေစိုက်စခန်းတစ်ခု ကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် အမေရိကန်စစ်မှုထမ်း သုံးဦးသေဆုံးပြီး အခြား ၃၄ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမေရိကန်ဗဟိုဌာန ချုပ်က ဇန်နဝါရီ ၂၈ ရက်တွင် ပြောသည်။
ဒရုန်းတိုက်ခိုက်မှုမှာ တာဝါ ၂၂ ဟုခေါ်သော စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဌာနချုပ်က ပြောသည်။ ၎င်းသည် အမေရိကန်စစ်ဘက် ဆိုင်ရာ ဝန်ထမ်း ၃၅၀ ခန့် လက်ခံထားသော ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်စခန်း တစ်ခုဖြစ်ကြောင်း သိရသည်။
ဂျော်ဒန် စစ်ဘက်ဆိုင်ရာမှ ထိခိုက်သေဆုံးမှု မရှိကြောင်း ဂျော်ဒန်နိုင်ငံပိုင် မီဒီယာက ပြောသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိုက်ခိုက်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပြောသည်။ သို့သော်လည်း ဆီးရီးယားနှင့် အီရတ်တွင် လှုပ်ရှားဆောင်ရွက်နေသော အီရန်ကျောထောက်နောက်ခံ အစွန်းရောက် စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဝါရှင်တန်က ဆိုသည်။
အင်န်အိတ်ချ်ကေ