နေပြည်တော် ၃၁ ဇန်နဝါရီ
ဂေဟစနစ်အခြေခံသည့် သစ်တောများ ရေရှည်တည်တံ့ရေး အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲခြင်း လက်စွဲ၊ အကောင်အထည်ဖော်ခြင်းလက်စွဲနှင့် နမူနာခရိုင်အုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်းများအား ရှင်းလင်းတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့သည် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့်ပူးပေါင်းပြီး Global Environment Facility-GEF ၏ ရန်ပုံငွေကြေး ထောက်ပံ့မှုနှင့် “မြန်မာနိုင်ငံ၏ အဓိကကျသော စိုက်ပျိုးရေးဆိုင်ရာ ဂေဟစနစ်များတွင် စိုက်ပျိုးမြေနှင့် သစ်တောများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်း စီမံကိန်း” (Sustainable Cropland and Forest Management in Priority Agro-ecosystems of Myanmar, GCP/MYA/017/GFF) ကို ၂၀၁၆ ခုနှစ်၊ ဇွန်လမှစတင်ပြီး (၅)နှစ်ကြာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
စီမံကိန်းဧရိယာများသည် တောင်ပေါ်ဒေသဂေဟစနစ်ကို ကိုယ်စားပြုသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အပူပိုင်းဒေသဂေဟစနစ်ကို ကိုယ်စားပြုသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်၊ ကမ်းရိုးတန်းဒေသ ဂေဟစနစ်ကို ကိုယ်စားပြုသည့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တို့ ပါဝင်ပါကြောင်း။
သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများသည် (၁၀)နှစ် တစ်ကြိမ် ပြန်လည် ပြင်ဆင်ခဲ့ပြီး၊ ယခုဆိုလျှင် ခရိုင် (၆၈)ခုအတွက် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၆ ထိ) သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
သစ်တောသယံဇာတများသည် လူသားများအတွက် သစ်၊ ထင်း၊ ဝါးစသည့် သစ်တောထွက် ပစ္စည်းအမျိုးမျိုး ထောက်ပံ့ပေးသည့်အပြင် ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးလုပ်ငန်းအတွက် စိုက်ပျိုးရေ ထောက်ပံ့ပေးခြင်း၊ မြေဆီဩဇာထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာတိုက်စားမှုမှ အကာအကွယ်ပေးခြင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်နှင့် ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသော မျိုးစိတ်အသစ်များ ထုတ်လုပ်နိုင်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် မျိုးရိုးဗီဇအရင်းအမြစ်များတည်ရှိခြင်း၊ အပန်းဖြေ နားနေနိုင်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုကို ထိန်းညှိပေးခြင်း၊ ပင်လယ်ကမ်ရိုးတန်းဒေသများတွင် မုန်တိုင်းဒဏ်မှ ကာကွယ်ပေးခြင်းစသည့် ဂေဟစနစ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိကြောင်း။
ယခင်က သစ်တောစီမံအုပ်ချုပ်ရာတွင် သစ်တောထွက်ပစ္စည်းများ ပုံမှန်ရရှိရေးကိုသာ ဦးတည်ဆောင်ရွက်ကြပေမယ့်၊ ယခုခေတ်တွင် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းစဉ်များတွင် သဘာဝကို အခြေခံသည့် ဖြေရှင်းဆောင်ရွက်မှုများ (Nature Based Solutions)ကို အလေးထားဆောင်ရွက်ရန် တွန်းအားပေးလာသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) မှာလည်း “ပန်းတိုင် (၅)- နိုင်ငံ၏ အနာဂတ်မျိုးဆက်များအတွက် သယံဇာတနှင့် ပတ်ဝန်းကျင်” အောက်တွင် “သင့်တင့်မျှတပြီး ကောင်းမွန်လည်ပတ်သော ဂေဟစနစ်နှင့်အတူ သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရေး” ကို မဟာ ဗျူဟာတစ်ရပ်အနေနှင့် ရေးဆွဲချမှတ်ထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
ဂေဟစနစ်ကို အခြေခံသည့် နည်းလမ်း (Ecosystem Approach) ဆိုသည်မှာ “သယံဇာတများ ထိန်းသိမ်းရေး” နှင့် “ရေရှည်တည်တံ့စွာအသုံးပြုရေး” ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး မြေ၊ ရေ နှင့် သစ်တောအပါအဝင် သက်ရှိသယံဇာတအရင်းအမြစ်များကို ဘက်စုံပေါင်းစပ်စီမံအုပ်ချုပ်သည့် မဟာဗျူဟာဖြစ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ECCDI ဥက္ကဋ္ဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်/ တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် FAO SLM GEF စီမံကိန်းများမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာန/ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကဏ္ဍအလိုက် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်