နွယ်နီလင်း
အာဖရိက၏ အနောက်ဘက်အကျဆုံး နိုင်ငံဖြစ်ပြီး ကိုလိုနီခေတ် ကုန်သွယ်ရေးစခန်းဟောင်းဖြစ်သည့် ဆီနီဂေါနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားပြီးနောက် စီးပွားရေးအလားအလာ ပြန်လည်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နိုင်ငံခြားဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ အဖိုးတန်အရင်းအမြစ်များကို အားကိုးဖော်ဆောင် လျက်ရှိသည်။
လူဦးရေ ၁၇ သန်းခန့်ရှိသော ပြင်သစ်စကားပြောသည့် ဆီနီဂေါနိုင်ငံသည် မောရစ်တေးနီးယား၊ မာလီ၊ ဂီနီနှင့် ဂီနီဘစ်ဆောနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်
ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးအတိုင်ပင်ခံအဖွဲ့၏ အဆိုအရ ၂၀၁၉ ခုနှစ်တွင် ခရီးသွားလုပ်ငန်း သည် ဆီနီဂေါနိုင်ငံ ဂျီဒီပီ၏ ၉ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုပြီး စီးပွားရေးအတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀ ပံ့ပိုးပေးနိုင်ခဲ့သည်ဟု ခန့်မှန်းထားသည်။
သို့သော်လည်း လွန်ခဲ့သော သုံးနှစ်က ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါကြောင့် နယ်စပ်များကို ပိတ်ခဲ့ ပြီးနောက် အနောက်အာဖရိက၏ ခရီးသွားလုပ်ငန်းမှာ ရပ်တန့်သွားခဲ့သည်။
“ဆီနီဂေါ ခရီးသွားလုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်ကစပြီး ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ ဒါကြောင့် ဟိုတယ်တစ်လုံး၊ အခန်းတစ်ခန်းရဖို့ဆိုတာ အင်မတန်ခက်ခဲလာတယ်။ လောလောဆယ်မှာတော့ အမြဲတမ်း အခန်းကြိုမှာထားမှရတယ်” ဟု ဆီနီဂေါ ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ မန်နေဂျာ မာမာဒူ စစ်စီ က ပြောသည်။
အမျိုးသားဥယျာဉ်များ၊ ယူနက်စကိုကမ္ဘာ့အမွေ အနှစ်နေရာများ၊ အေးချမ်းသော သဲသောင်ပြင်များ၊ စခန်းချနေရာများနှင့် ငှက်ကြည့်သည့်နေရာများစွာ ပိုင်ဆိုင်ထားသည့် ဆီနီဂေါနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေးနှင့် ငါးဖမ်းလုပ်ငန်းများနည်းတူ နိုင်ငံအတွက် အရေးကြီး သော အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။
“ဆီနီဂေါနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းအပြင် ခရီးသွားကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံအတော်များများက စိတ်ဝင်စားနေကြပါတယ်။ ရင်းနှီးမြှုပ်နှံသူ အများအပြားရှိနေပြီဖြစ်တဲ့အတွက် ခရီးသွား လုပ်ငန်းဟာလည်း အလားအလာ အလွန် ကောင်းမွန်နေပါတယ်” ဟု စစ်စီက ဆိုသည်။
မြို့တော် ဒါကာမှ ၆၅ ကီလိုမီတာအကွာတွင် တည်ရှိသော ဧရိယာဟက်တာ ၃၅၀၀ ကျယ်ဝန်း သည့် ဘန်ဒီယာ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး နယ်မြေသည် ဆီနီဂေါနိုင်ငံ၏ ထူးခြားသော ဂေဟ စနစ် ရတနာသိုက်တစ်ခုလည်းဖြစ်သည်။ ဘန်ဒီယာ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနယ်မြေတွင် သစ်ကုလားအုတ်၊ မြင်းကျား၊ ကြံ့ဖြူ၊ မိကျောင်း၊ ကျွဲ၊ ငှက်ကုလားအုတ်နှင့် ငှက်မျိုးစိတ်ပေါင်း ၁၂၀ ကျော် တို့ ကဲ့သို့သော အာဖရိကတောရိုင်းတိရစ္ဆာန် များစွာ ၏ ကျက်စားရာနေရာလည်းဖြစ်သည်။
ဘန်ဒီယာတောအတွင်းရှိ တိရစ္ဆာန်အများစုကို တောင်အာဖရိကမှ တင်သွင်းသော်လည်း အချို့မှာ ဒေသရင်းမျိုးစိတ်များ ဖြစ်ကြကြောင်း၊ ယင်းဒေသသို့ နိုင်ငံတကာခရီးသည်များလည်း တဖြည်းဖြည်း ပြန်ဝင်လာပြီဖြစ်ကြောင်း ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ အယ်လက်ဆေနီဆိုးက ဘေအိုဘတ်ပင်ရိပ်တွင် အနားယူရင်း ရှင်းပြသည်။

ရေဝပ်ဒေသများ ထိန်းသိမ်းရေး
ဆီနီဂေါရှိ ဆီနီဆာလုမ် ရေဝပ်ဒေသသည် အကျယ်အဝန်း ၁၅၉၁၃၇ ဟက်တာရှိပြီး နိုင်ငံတကာ အရေးပါသော ရေတိမ်ဒေသများအဖြစ် သတ်မှတ် ခြင်းခံရသော နေရာကိုးခုအနက်မှ တစ်ခုဖြစ်သည်။ ဆီနီဂေါနိုင်ငံတွင် အဓိကအားဖြင့် ကာဆာမန်စ်နှင့် ဆီနီဆာလုမ် ရေဝပ်ဒေသများ၌ စုစုပေါင်း ဒီရေတော ဟက်တာ ၁၈၅၀၀၀ ခန့်ရှိသော်လည်း ၎င်းတို့သည် စိုးရိမ်ဖွယ်ရာနှုန်းဖြင့် ပြုန်းတီးနေသည်။ ဆီနီဂေါနိုင်ငံရှိ ဒီရေတောဧရိယာစုစုပေါင်း၏ လေးပုံတစ်ပုံသည် ၁၉၇၀ ပြည့်လွန်နှစ်များကတည်း က မိုးခေါင်ခြင်း၊ သစ်ခုတ်ခြင်းတို့ကြောင့် ဒီရေတောများ ပြုန်းတီးခြင်းနှင့်အတူ လမ်းဖောက်လုပ်ခြင်းနှင့် ရေလမ်းပိတ်ဆို့ခြင်းတို့ကြောင့်လည်း ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
“ရာသီဥတုပြောင်းလဲမှုကြောင့် ဒီဒေသ မိုးခေါင် ရေရှားမှုတွေနဲ့ အလွန်ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေက ဘယ်လိုသက်ရောက်မှုရှိလဲ ဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ရေတိမ် ဒေသတွေ ဆုံးရှုံးတဲ့အခါ ဘာကိုဆိုလိုသလဲဆိုတဲ့ ရလဒ်ကို ကျွန်တော်တို့ မျက်မြင်တွေ့ကြရတော့ မှာပါ” ဟု ရေဝပ်ဒေသများ ကွန်ဗင်းရှင်းအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မူဆွန်ဒါ မွမ်ဘာက ပြောကြားသည်။
ဌာနေတိုင်းရင်းသားများနှင့် ဒေသခံလူမျိုးများသည် ဆေးဝါး၊ အစားအစာ၊ သားငါးအတွက်သာမက ဤဒေသ၏ ရာသီဥတုအတွက်ကိုပါ ရေဝပ်ဒေသ ဂေဟစနစ်အပေါ် အမှန်တကယ် မှီခိုအားထားနေရ ကြောင်း ၎င်းကပြောသည်။
ကိုးကား - ဆင်ဟွာ