ဂေဟစနစ်ကို ဝိုင်းဝန်းထိန်းသိမ်း

၁၉ သြဂုတ်

 

မြန်မာနိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းကို သစ်တောသယံဇာတများဖြင့် ဖုံးလွှမ်းခဲ့သည်။ ကုန်လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း ထိုသစ်တောသယံဇာတများကို နိုင်ငံခြားဝင်ငွေရရှိရေးနှင့် ပြည်တွင်းသုံးစွဲရေးအတွက်ပိုမို ထုတ်ယူခဲ့ကြသည်။ တရားဝင်၊ တရားမဝင် ထုတ်ယူမှုများ၊ လောင်စာအဖြစ် အတားအဆီးမဲ့ အသုံးပြုမှုများကြောင့် ယခုအခါ သစ်တောသယံဇာတများ သိသာစွာလျော့နည်းသွားသည်။

 

 

သစ်တောသယံဇာတများ လျော့နည်းသွားသည်နှင့် ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် မျက်မှောက်ကာလတွင် သဘာဝဘေး အန္တရာယ်အမျိုးမျိုးတို့ကို ရင်ဆိုင်ကြုံတွေ့နေရသည်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို လူသတ္တဝါများ-ကြုံတွေ့ကြရသလို သစ်တောများတွင် မှီတင်းရှင်သန်ကြသည့် တိရစ္ဆာန်သတ္တဝါများလည်း ပိုမိုကြုံတွေ့ကြကာ ပျက်စီးခြင်းသို့ရောက်ကြရသည်။ ထို့ကြောင့် သစ်တောများမပျက်စီးသည့် ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်သင့်သည်။

 

 

ဂေဟစနစ်ဆိုသည်မှာ သက်ရှိများနှင့် ၎င်းတို့၏ပတ်ဝန်းကျင်အကြားအပြန်အလှန် အမှီသဟဲပြု ဆက်စပ်နေသည့် စနစ်တစ်ခုဖြစ်သည်။ ဥပမာ စမ်းချောင်းလေးတစ်ခုသည် သစ်တောအုပ်လေးအတွင်း ဖြတ်သန်းစီးဆင်းသည်ဆိုပါစို့။ ထိုသစ်တောသည် စမ်းချောင်းလေးကို အမှီပြုနေသကဲ့သို ထိုစမ်းချောင်းလေးသည်လည်း ထိုသစ်တောလေးကို အမှီပြုနေခြင်းဖြစ်သည်။ စမ်းချောင်းလေးမရှိလျှင် ထိုသစ်တောလည်းမရှိနိုင်ပေ။ ထိုသစ်တောလေးမရှိလျှင်လည်း စမ်းချောင်းလေး ခန်းခြောက်မည်သာ ဖြစ်သည်။ ကမ္ဘာမြေသည် ထိုကဲ့သို့ အပြန်အလှန် အမှီသဟဲပြုသည့် ဂေဟစနစ်ဖြစ်သည်။

 

 

ယခုအခါ ဂေဟစနစ် ပျက်စီးယိုယွင်းလျက်ရှိသည်။ သစ်တောများပျက်စီး၍ စမ်းချောင်းလေးများ ပျက်သုဉ်းကုန်သည်။ စမ်းချောင်းလေးများဆိုသည်မှာ မြစ်ချောင်းအင်းအိုင်၊ ပတ်ဝန်းကျင်၊ လူ၊ တိရစ္ဆာန်သတ္တဝါတို့ဖြစ်သည်။ သစ်တောသစ်ပင်တို့ကို မှီခိုအားထားသောအရာများမှာ ဤမြေတစ်ခွင်တွင် များပြားလှသည်။ လက်ရှိတွင် ကျန်ရှိနေသော သစ်တောသစ်ပင်များကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ သစ်တောသစ်ပင်တို့ကို အမှီပြုနေသော ဂေဟစနစ်ကို မပျက်စီးအောင် တာဝန်ရှိသူ၊ တာဝန်သိသူတို့က ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ တာဝန်မသိသူတို့က ဖျက်ဆီးလျက်ရှိသည်။ 

 

ဂေဟဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ကြီးတစ်ခုလုံးဖြစ်သည်။ ဂေဟစနစ်ကို ထိန်းသိမ်းသည်ဆိုရာ၌ သဘာဝတောတောင်ရေမြေတို့ကို ထိန်းသိမ်းရေးသာမက ၎င်းသဘာဝတောတောင်ရေမြေများအတွင်း မှီတင်းနေထိုင်ကျက်စားလျက်ရှိသည့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးကိုလည်း တစ်ပြိုင်တည်းဆောင်ရွက်ကြရသည်။ သို့မှသာ သက်ရှိသက်မဲ့တို့ အချင်းချင်းအပြန်အလှန် အမှီသဟဲပြု၍ ရှင်သန်ဖွံ့ဖြိုးစေသည့်ဂေဟစနစ် မပျက်ယွင်းဘဲ သဘာဝပတ်ဝန်းကျင်များ ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။ ကြီးမားကျယ်ပြန့်လှသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကို သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့်ဌာနများဖြင့် ဆောင်ရွက်ရုံဖြင့် ရနိုင်မည်မဟုတ်ချေ။ ဂေဟစနစ်ကို ဖျက်ဆီးသူများအား တားဆီးနိုင်မည်မဟုတ်ချေ။ ပြည်သူလူထုက အသိစိတ်ဓာတ်ရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှ အောင်မြင်နိုင်မည်ဖြစ်သည်။ သာဓကအားဖြင့် ဩဂုတ်လ ၁၇ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဆင်ထိန်းသိမ်းရေးသူရဲကောင်းဆု ချီးမြှင့်ခံခဲ့ရသူအား ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်ကြောင်း ပြည်သူသို့ ကျေးဇူးတင်လွှာ ထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။

 

 

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းခြောက်ခုတွင် တောဆင်ရိုင်းများ နေထိုင်ကျက်စားလျက်ရှိရာ အဆိုပါသဘာဝတောဆင်ရိုင်းများအား ဖမ်းဆီးသတ်ဖြတ်ခြင်းခံရမှုမှ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆင်ထိန်းသိမ်းရေးသူရဲကောင်းဆုရသူသည် ချီးကျူးဂုဏ်ပြုထိုက်သူဖြစ်ပါသည်။ သို့ဖြစ်ရာ တန်ဖိုးမဖြတ်နိုင်သော ဂေဟစနစ်များ မပျက်စီးရေးလုပ်ငန်းများတွင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

 

ကြေးမုံ