ဂေဟစနစ်နှင့် သဟဇာတဖြစ်သော လျှပ်စစ်ကားများ ကင်ညာနိုင်ငံ၌ တွင်ကျယ်စွာ အသုံးပြုလာဖွယ်ရှိ

 

နိုင်ရိုဘီ၊ ဖေဖော်ဝါရီ ၆

 

ကင်ညာနိုင်ငံရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေး အော်ပရေတာများသည် နိုင်ငံအတွင်း ဂေဟစနစ်နှင့် သဟဇာတဖြစ် သော သယ်ယူပို့ဆောင်ရေးစနစ်များ ဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ လျှပ်စစ်ဘတ်စ်ကားများကို အသုံးပြုရန် လက်ခံလာကြပြီဖြစ်သည်။

 

ကင်ညာနိုင်ငံရှိ မာတွတ်ဟု လူသိများသော အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များ၏ ပိုင်ရှင်များသည် ၎င်းတို့၏ ခရီးသည်များကို သယ်ယူပို့ဆောင်ရေးအတွက် လျှပ်စစ်ဘတ်စ်ကားများ တင်သွင်းမှုကို တိုးမြှင့်ပြုလုပ်လာ ကြပြီဖြစ်သည်။ နိုင်ရိုဘီရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်ပိုင်ရှင်များအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ခရစ္စတိုဖာမူအီယာက လက်ရှိအချိန်အထိ ကင်ညာနိုင်ငံရှိ လမ်းမများထက်တွင် တရုတ်နိုင်ငံထုတ် လျှပ်စစ်ဘတ်စ်ကား သုံးစီးကို အသုံးပြုလျက်ရှိကြောင်း မကြာသေးမီက ဆင်ဟွာသို့ ပြောသည်။

 

လျှပ်စစ် ဘတ်စ်ကားများသည် ကင်ညာနိုင်ငံဈေးကွက်တွင် ထုတ်ကုန်အသစ် ဖြစ်သော်လည်း သုံးစွဲသူခရီးသည်များထံမှ အပြု သဘောဆောင်သော တုံ့ပြန်မှုများကို လက်ခံရရှိကြောင်း မူအီယာက ပြောသည်။ ထို့အပြင် နိုင်ရိုဘီရှိ လူဦးရေ ၆၀ ရာခိုင်နှုန်းခန့်သည် နေအိမ်မှ ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းခွင်များထံသို့ နေ့စဉ်ကူးလူး သွားလာရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအပေါ် မှီခိုနေကြရကြောင်း ၎င်းက ဆက်ပြောသည်။

 

တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ရက်အတွင်း ခရီးသည် နှစ်သန်းဝန်းကျင်ကို သယ်ယူပို့ဆောင်ပေးရပြီး လျှပ်စစ် ဘတ်စ်ကားများကို အသုံးပြုခြင်းက စက်သုံးဆီသုံး ဘတ်စ်ကား အသုံးပြုခြင်းနှင့် နှိုင်းယှဉ်ပါက အားသာချက် များစွာရှိသည်ဟု ပြောသည်။ ထို့အပြင် ခရီးသည် ၃၂ ဦးခန့် လိုက်ပါစီးနင်းနိုင်သော သမားရိုးကျ ပို့ဆောင်နေသည့် ဘတ်စ်ကားများသည် စက်သုံးဆီအတွက် တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၅၆ ဒေါ်လာခန့် လိုအပ်ပြီး လျှပ်စစ် ဘတ်စ်ကားများက တစ်ရက်လျှင် အားအပြည့်သွင်း ရန် ၄၅ ဒေါ်လာသာ လိုအပ်ကြောင်း မူအီယာက ပြောသည်။

 

ဆင်ဟွာ