ဂေဟစနစ်ယိုယွင်းမှုဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံ၌ ရင်ဆိုင်နေရ

 

သီဟစည်သူ

 

စီးပွားရေးနှင့် ငြိမ်းချမ်းရေးအင်စတီကျု (IEP) က ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း  ထုတ်ပြန်လိုက်သည့် ဂေဟစနစ်ခြိမ်းခြောက်မှုဆိုင်ရာ အစီရင်ခံစာ (ETR) အရ ပဋိပက္ခနှင့် ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများကြောင့် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားလာသဖြင့် ကမ္ဘာတစ်ဝန်းရှိ လူဦးရေ သန်းပေါင်း ၇၅၀ သည် ယခုအခါ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေကြရသည်ဟု ဆိုသည်။

 

၂၀၂၂ ခုနှစ် ဂေဟစနစ် ခြိမ်းခြောက်မှုများဆိုင်ရာ အစီရင်ခံစာ၏ အဓိကတွေ့ရှိချက်များအရ - 

 

လူဦးရေ လျင်မြန်စွာတိုးလာခြင်း၊ ရေအန္တရာယ်နှင့် စားနပ်ရိက္ခာမလုံခြုံမှုကဲ့သို့သော ဂေဟဗေဒဆိုင်ရာ ခြိမ်းခြောက်မှုများသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ပိုမိုဆိုးရွားလာကာ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခြင်းနှင့် ပဋိပက္ခများကို ဖြစ်ပေါ်စေလျက်ရှိသည်။

 

ETR မှ စောင့်ကြည့်နေသည့် နိုင်ငံနှင့် နယ်မြေ ၂၂၈ ခု၏ ၅၆ ရာခိုင်နှုန်းသည် အလွန်အမင်း ဂေဟစနစ် ယိုယွင်းမှုဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်။

 

ကမ္ဘာ့ငြိမ်းချမ်းမှုအနည်းဆုံးနိုင်ငံ ၄၀ ၏ လူဦးရေ သည် ၂၀၅၀ ပြည့်နှစ်တွင် ၁ ဒသမ ၃ ဘီလီယံ အထိ တိုးလာမည်ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၄၉ ရာခိုင်နှုန်းကို ကိုယ်စားပြုနေသည်။

 

၂၀၅၀ ပြည့်နှစ်အထိ ခန့်မှန်းချက်များအရ အာဖရိက ဆာဟာရအောက်ပိုင်းဒေသ အများစုသည် ရေရှည် မတည်တံ့နိုင်သည့် လူဦးရေတိုးပွား မှု ၉၅ ရာခိုင်နှုန်းရှိလာမည်ဟု ခန့်မှန်းထားပြီး လက်ရှိတွင် လူဦးရေ ၇၃၈ သန်းသည် လုံလောက် သည့် အစားအစာ ဖူလုံမှုမရှိဘဲ နိုင်ငံတစ်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံအားလုံးသည် အလွန်ဆိုးရွားသော ရေရှားပါးမှုအန္တရာယ်ကို ရင်ဆိုင်နေကြရသည်။

 

၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အာဟာရချို့တဲ့သူများ၏ ၉၂ ရာခိုင်နှုန်းနီးပါးသည် ငြိမ်းချမ်းမှု နည်းပါးသော နိုင်ငံများ၌ နေထိုင်နေကြရသည်။

 

၂၀၁၉ ခုနှစ်မှစ၍ ရာသီဥတုပြောင်းလဲမှုအပေါ် ကမ္ဘာ့စိုးရိမ်မှု ၁ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ညစ်ညမ်းမှုအများဆုံး နိုင်ငံလေးခုအနက် သုံးခုဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ရုရှား တို့ရှိ နိုင်ငံသားများပင် စိုးရိမ်မှုအဆင့်နိမ့်ကျလျက်ရှိသည်။

 

လေထုညစ်ညမ်းမှုများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် ဒေါ်လာ ၈ ဒသမ ၁ ထရီလီယံ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၆ဒသမ ၁ ရာခိုင်နှုန်း ကုန်ကျခဲ့ပြီး လူ ၆ သန်းမှ ၉ သန်းအကြား အသက်ဆုံးရှုံးခဲ့ရသည်။

 

အဆိုပါ အစီရင်ခံစာသည် နိုင်ငံနှင့် နယ်မြေ ၂၂၈ ခုကို ဆန်းစစ်လေ့လာပြီးနောက် ယင်းဒေသများအတွက် ဂေဟစနစ်ယိုယွင်းမှုအန္တရာယ်၊ လူ့အဖွဲ့ အစည်း၏ ကြံ့ခိုင်မှုနှင့် ငြိမ်းချမ်းသာယာဝပြောရေးတို့အတွက် ယခုကာလနှင့် ၂၀၅၀ ပြည့်နှစ်အကြား စိန်ခေါ်မှုများ စီမံခန့်ခွဲနိုင်စွမ်းကို အကဲဖြတ်ထားခြင်းဖြစ်သည်။ ယင်းအစီရင်ခံစာက အဆိုးရွားဆုံး ဂေဟစနစ်ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် လူမှုအသိုင်းအဝိုင်းတွင် ခံနိုင်ရည်အနိမ့်ဆုံးရှိသည့် နိုင်ငံ ၂၇ ခုကိုလည်း မီးမောင်းထိုးပြထားကာ ယင်းနိုင်ငံ ဒေသပေါင်း ၂၇ ခုအနက် ၂၃ ခုသည် ဆာဟာရ အာဖရိကဒေသခွဲ၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာဖရိက ဒေသများတွင် တည်ရှိပြီး ခန့်မှန်းလူဦးရေ ၇၆၈ သန်းနေထိုင်လျက်ရှိသည်။

 

အစားအစာဖူလုံမှုဆိုင်ရာ ဖိအားများ

 

လက်ရှိတွင် နိုင်ငံပေါင်း ၄၁ နိုင်ငံရှိ ဆာဟာရ အာဖရိကဒေသခွဲ၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာဖရိက ဒေသများရှိ လူဦးရေ သန်း ၉၀၀ နီးပါးသည် ဆိုးရွားသော စားနပ်ရိက္ခာမလုံလောက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့ကျန်းမာရေးနှင့် လူမှုသဟဇာတထိခိုက်မှုတို့ကို ခံစားနေရသည်။ ယင်းဒေသများတွင် အာဟာရချို့တဲ့သူဦးရေသည် ၂၀၁၇ ခုနှစ်မှစပြီး တစ်သမတ်တည်း မြင့်တက်လာခဲ့ ပြီး ၂၀၂၁ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်းအထိ တိုးလာကာ လူဦးရေ သန်း ၇၅၀ ကျော်အထိ ရှိလာခဲ့သည်။ အာဟာရချို့တဲ့မှုနှင့် အစာရေစာမလုံလောက်မှုများသည် ဂေဟစနစ် ပျက်စီးယိုယွင်းမှုတိုးလာခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် စစ်ပွဲများကြောင့် ဆိုးရွား လာခြင်းဖြစ်ကြောင်း သုံးသပ်ထားပြီး ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့အာဟာရ ချို့တဲ့သူများ၏ ၉၂ ရာခိုင်နှုန်း နီးပါးသည် ငြိမ်းချမ်းမှုနည်းပါးသော နိုင်ငံများ၌ နေထိုင်သူများဖြစ်ကြသည်။

 

ပဋိပက္ခနှင့် ရေရှားပါးမှုအန္တရာယ်

 

စားနပ်ရိက္ခာဘေးကင်းလုံခြုံမှုသည် သန့်ရှင်းသော သောက်သုံးရေကို သုံးစွဲခွင့်မရခြင်းနှင့်လည်း ဆက်စပ်နေသည်။ သောက်သုံးရေ လုံလောက်စွာ မရှိခြင်းက လုံလောက်သည့် အစာအာဟာရကို ပေးဆောင်ရန် မဖြစ်နိုင်ပေ။ ယခုအခါ နိုင်ငံပေါင်း ၈၃ နိုင်ငံမှ လူပေါင်း ၁ ဒသမ ၄ ဘီလီယံကျော်သည် အလွန်အမင်း ရေရှားပါးမှုအန္တရာယ်ကို ရင်ဆိုင်နေကြ ရသည်။ ၂၀၄၀ ပြည့်နှစ်တွင် ဂရိ၊ အီတလီ၊ နယ်သာ လန်နှင့် ပေါ်တူဂီနိုင်ငံများအပါအဝင် ဥရောပနိုင်ငံ အများအပြားသည် ရေရှားပါးမှုအန္တရာယ်ကို ကြုံတွေ့ရမည်ဟု ခန့်မှန်းထားသည်။

 

ယခုအချိန်မှစ၍ ၂၀၅၀ ပြည့်နှစ်အတွင်း ရေရှားပါးမှုအန္တရာယ်တိုးလာမည့် နိုင်ငံအများစုမှာ ဆာဟာရ အာဖရိကဒေသခွဲ၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာဖရိကဒေသတို့တွင် တွေ့ရှိရသည်။ လက်ရှိ တွင် အာဖရိကဆာဟာရအောက်ရှိ နိုင်ငံအားလုံးမှလွဲ၍ ကျန်နိုင်ငံအားလုံးသည် အလွန်ဆိုးရွားသော ရေရှားပါးမှုအန္တရာယ်ကို ရင်ဆိုင်နေရသည်။

 

လေထုညစ်ညမ်းမှုနှင့် လူဦးရေ မြင့်တက်လာခြင်း

 

၂၀၅၀ ပြည့်နှစ်တွင် ဂေဟစနစ်ယိုယွင်းမှု အန္တရာယ်ကို အပြင်းထန်ဆုံးစိန်ခေါ်မှုများကို ရင်ဆိုင်ရမည့် လူဦးရေထူထပ်သည့် မြို့ကြီးများမှာ ကင်ရှာ ဆာ၊ နိုင်ရိုဘီနှင့် လာဂိုစ့်တို့ဖြစ်သည်။ လူဦးရေ များပြားသည့် မြို့ကြီးများ၏ ၆၀ ရာခိုင်နှုန်းကျော် သည် ငြိမ်းချမ်းမှုနည်းပါးသော နိုင်ငံများ၌ ရှိနေပြီး ယင်းတို့သည် လူဦးရေတိုးပွားနှုန်း အမြင့်ဆုံး၊ အဆိုးရွားဆုံး မိလ္လာစနစ်၊ ရာဇဝတ်မှုဖြစ်ပွားမှုနှုန်း မြင့်မားခြင်းနှင့် လေထုညစ်ညမ်းမှုအများဆုံး မြို့များအဖြစ် တည်ရှိနေသည်။

 

လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝန်း နှစ်စဉ် ဒေါ်လာ ၈ ဒသမ ၁ ထရီလီယံ (ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၆ ဒသမ ၁ ရာခိုင်နှုန်း) ဆုံးရှုံးနေပြီး လူဦးရေ ခြောက်သန်းနှင့် ကိုးသန်းအကြား အသက်ဆုံးရှုံးနေရ သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လာဟိုး၊ ကဘူးလ် နှင့် အက်ဂရာ မြို့ကြီးများအပါအဝင် လေထုညစ်ညမ်းမှုအများဆုံး မြို့ကြီး ကိုးမြို့၏ လေထုညစ်ညမ်းမှုသည် ယခင်ကထက် အဆ ၂၀ ကျော် ပိုမိုဆိုးရွားလာနေကြောင်း သိရသည်။

 

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုများ

 

၂၀၁၉ ခုနှစ်မှစ၍ ကမ္ဘာကြီးသည် ရာသီဥတု ပြောင်းလဲမှုအပေါ် စိုးရိမ်မှုနည်းပါးလာခဲ့သည်။ ဂေဟစနစ်ဆိုင်ရာ ခြိမ်းခြောက်မှုအမြင့်ဆုံးနှင့် ထိတွေ့သည့်ဒေသများသည် ရာသီဥတုပြောင်းလဲမှု နှင့် ပတ်သက်၍ ပျမ်းမျှအားဖြင့် စိုးရိမ်မှုအနည်းဆုံး ဖြစ်ပြီး ဆာဟာရအာဖရိကနှင့် တောင်အာရှတို့တွင် စစ်ပွဲများ၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှုနှင့် အသက်မွေး ဝမ်းကျောင်းမှုဆိုင်ရာများမှာ ရာသီဥတုပြောင်းလဲမှုထက် ပိုမိုစိုးရိမ်နေရကြောင်း သုံးသပ်ထားသည်။

 

စင်ကာပူနိုင်ငံသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း ရာသီဥတုပြောင်းလဲမှုအတွက် စိုးရိမ်မှုအဆင့် ၄၉ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ရာသီဥတု ပြောင်းလဲမှုနှင့်ပတ်သက်သည့် စိုးရိမ်မှုအဆင့်တွင် အကြီးမားဆုံးသော ကျဆင်းမှုအဖြစ် မှတ်တမ်းတင်ခဲ့သည်။ ဥရောပရှိ နိုင်ငံပေါင်း ၁၃ နိုင်ငံတွင်လည်း ရာသီဥတုပြောင်းလဲမှုအတွက် စိုးရိမ်မှု၊ ကျဆင်းမှု မှတ်တမ်းဝင်ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံ၌ အဆိုးဆုံး ဖြစ်သည်။ စင်ကာပူနှင့် ဘယ်လ်ဂျီယံရှိ လူဦးရေများသည် ရာသီဥတုဖောက်ပြန်ခြင်းထက် လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ယင်းတို့၏ ကျန်းမာရေးအတွက် ပိုမိုစိုးရိမ်နေကြဖွယ်ရှိသည်ဟု ဆိုသည်။ ကမ္ဘာပေါ်၌ လေထုညစ်ညမ်းမှု အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံတွင် ယင်းနိုင်ငံသားများ၏ ၂၀ ရာခိုင်နှုန်းကသာ ရာသီဥတုပြောင်းလဲမှုသည် ဆိုးရွားသော စိုးရိမ်ဖွယ် ဖြစ်သည်ဟု ယုံကြည်ကြပြီး ၂၀၁၉ ခုနှစ်မှစ၍ ယင်းထက် သုံးရာခိုင်နှုန်းပင် ကျဆင်းသွားခဲ့သည်။ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံး ဒုတိယအဆင့်ရှိ အမေရိကန်သည် ကမ္ဘာလုံးပျမ်းမျှအဆင့် ၅၁ ဒသမ ၅ ရာခိုင်နှုန်း စိုးရိမ်မှုရှိပြီး တတိယမြောက် အဆိုးဆုံး လေထုညစ်ညမ်းမှုအဆင့်ရှိ အိန္ဒိယသည် ၃၉ ရာခိုင်နှုန်း စိုးရိမ်မှုရှိကြောင်း သိရသည်။

 

သဘာဝဘေးအန္တရာယ်များနှင့် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုများ

 

သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုကို နိုင်ငံတစ်နိုင်ငံ၏ ခံနိုင်ရည်အဆင့်ဖြင့် ဆုံးဖြတ်သည်။ အာရှ-ပစိဖိတ်ဒေသသည် သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်မှုအများဆုံးဒေသဖြစ်ပြီး ယင်း၏ နောက်တွင် ဆာဟာရအာဖရိကဒေသခွဲ၊ ဗဟို အမေရိကနှင့် ကာရေဘီယံဒေသများဖြစ်ကြသည်။ ရေကြီးရေလျှံမှုသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး သဘာဝဘေးအန္တရာယ်ဖြစ်ပြီး ၁၉၈၁ ခုနှစ်မှစ၍ ရေကြီးမှုဖြစ်စဉ်ပေါင်း ၅၀၇၉ ခုရှိကြောင်း မှတ်တမ်းဝင်ခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝ ဘေးအန္တရာယ်များ၏ ပျမ်းမျှကုန်ကျစရိတ်မှာ တစ်နှစ်လျှင် ဒေါ်လာ ဘီလီယံ ၂၀၀ ရှိပြီး ၁၉၈၀ ပြည့်လွန်နှစ်များထက် လေးဆပိုများလာခဲ့သည်။

 

သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွား လာသည်နှင့်အမျှ လူ့အဖွဲ့အစည်းများသည် နောက်တစ်ကြိမ် ဘေးမဖြစ်ပွားမီ ပြန်လည်ထူထောင် ရန် ရုန်းကန်ခြင်းနှင့်အတူ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခြင်းများ ဖြစ်ပေါ်လာစေရန် တွန်းအား ပေးနေသည့် အကြောင်းရင်းတစ်ရပ်လည်းဖြစ်သည်။ ဂျာမနီ၊ ဆွီဒင်၊ သြစတြီးယားနှင့် ဂရိတို့ အပါအဝင် ဥရောပနိုင်ငံများသည် ၂၀၂၁ ခုနှစ်အတွင်း ဒုက္ခသည် တစ်သန်းကျော်ကို ခေါ်ယူခဲ့ရသည်။ ထို့အတူ ပဋိပက္ခ နှင့် သဘာဝဘေးအန္တရာယ်များမှ အမြင့်ဆုံးပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များကို တွေ့ကြုံခံစားခဲ့ရသည့် နိုင်ငံများအနက် ဆီးရီးယား၊ အီသီယိုပီးယား၊ ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ အာဖဂန် နစ္စတန်နှင့် တောင်ဆူဒန် နိုင်ငံများ ပါဝင်ခဲ့သည်။

 

အချုပ်အားဖြင့်ဆိုရလျှင်မူ ဤအစီရင်ခံစာသည် လက်ရှိဂေဟစနစ်ဆိုင်ရာ စိန်ခေါ်မှုများစွာ၏ ကုန်ကျစရိတ်များကို ရာသီဥတုပြောင်းလဲမှုကြောင့် တိုးလာမည်ဖြစ်ကြောင်း သတိပေးထားပြီး ဂေဟ စနစ်ယိုယွင်းဆိုင်ရာ အန္တရာယ်များ၏ ခြိမ်းခြောက်မှုများ တိုးများလာနေခြင်းသည် စနစ်ကျသော ဖြေရှင်းမှုများ လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း မီးမောင်းထိုးပြသနေခြင်းပင်ဖြစ်သည်။ အစိုးရများနှင့် နိုင်ငံတကာအေဂျင်စီများသည် အနာဂတ်ဂေဟစနစ် ပျက်စီးခြင်း၊ အုပ်စုလိုက် ရွှေ့ပြောင်းခြင်းနှင့် ပဋိပက္ခများကို ရှောင်ရှားရန် ရေရှည်ခံနိုင်ရည် တည်ဆောက်ခြင်းတွင် ရင်းနှီးမြှုပ်နှံ ရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များသည် ရေအသုံးချမှု ကို မြှင့်တင်ခြင်းနှင့်၊ စိုက်ပျိုးရေးကို မြှင့်တင်ပေးသည့် အသေးစားလုပ်ငန်းများကို အာရုံစိုက်သင့်သည်။ သို့မှသာ အဆင်းရဲဆုံးသော လူသားများ၏ ဘဝများ ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ။

 

ကိုးကား- https://www.visionofhumanity.org/750-million-globally-affected-by-undernourishment/