၁၀ ဖေဖော်ဝါရီ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဂျေလိဂ်နှင့် ASIA Center JAPAN FOUNDATION တို့ ပူးပေါင်းကျင်းပသည့် ဂျေလိဂ် Football Clinic အစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr.Maruyama Ichiro၊ Albirex Singaporeနှင့် ဂျပန်ဖောင်ဒေးရှင်း (မြန်မာ)မှ တာဝန်ရှိသူများ၊ နည်းပြများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။
ဖွင့်ပွဲတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr.Maruyama Ichiroက အမှာစကားပြောကြားသည်။ ယင်းနောက် Football Clinic တွင် ပါဝင်မည့် ကလေးငယ်များအား လိုက်လံနှုတ်ဆက်သည်။ ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ ဂျေလိဂ် Football Clinic အစီအစဉ်အရ ဂျပန်နှင့် မြန်မာနည်းပြများ ပူးပေါင်း၍ အသက်(၁၂)နှစ်အောက် ကလေး ၈၀ ဦးကို ဖေဖော်ဝါရီ ၁၀ ရက် မှ ၁၄ ရက်အထိ အခြေခံဘောလုံးနည်းစနစ်များ သင်ကြားပေးလျက်ရှိသည်။
ဂျပန်နိုင်ငံအနေဖြင့် မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးလျက်ရှိပြီး လူငယ်ကစားသမားများအတွက် Football Clinic အစီအစဉ်ကို ပြုလုပ်ပေးခြင်းဖြစ်သည်။
သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-MFF