ရန်ကုန် ၇ မတ်
စာရေးဆရာဒေါက်ထွေး (ဆေး-မန်း) (ဒေါက်တာတင်မောင်ထွေး) ရေးသားသည့် “ဂေါ်ရခါးတို့ နီပေါမြေ” ခရီးသွားမှတ်တမ်း စာအုပ်မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ စာရေးဆရာကောင်းသန့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး ဟိန္ဒူဓမ္မအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတို့က မုဒိတာစကား ပြောကြားကြသည်။
ယင်းနောက် စာရေးသူ ဒေါက်ထွေး(ဆေး/မန်း)က မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါး ဟိန္ဒူဓမ္မအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံသို့ ရှစ်ရက်ကြာ ခရီးစဉ်အတွင်း နီပေါနိုင်ငံရှိ ဂေါ်ရခါးဒေသ၏ အထင်ကရ နေရာများ၊ နီပေါ ရှေးခေတ်သမိုင်း၊ ယနေ့ခေတ်သမိုင်းများကို ဓာတ်ပုံများနှင့်တကွ အကျယ်တဝင့် မှတ်တမ်းတင်ရေးသားခဲ့ပုံများကို “ဂေါ်ရခါးတို့ နီပေါမြေ” ခရီးသွားမှတ်တမ်း စာအုပ်တွင် ဖော်ပြထားကြောင်း ရှင်းလင်းပြောကြားသည်။
“ဂေါ်ရခါးတို့ နီပေါမြေ” ခရီးသွားမှတ်တမ်း စာအုပ်ကို သန်းထိုက်ရတနာ ပုံနှိပ်တိုက်တွင် ပုံနှိပ်ပြီး ဦးဝင်းအောင် အမှတ်(၈၁) မြေညီထပ် ၄၉ လမ်း(အလယ်) ပုဇွန်တောင်မြို့နယ်မှ ထုတ်ဝေဖြန့်ချိကာ စာအုပ်ဈေးနှုန်းမှာ ငွေကျပ် ၃၀ဝ၀ ဖြစ်သည်။
ကိုကိုအေး