တိုကျို  ၂၇ ဇွန်   

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည်ဂျပန်နိုင်ငံသို့ ဇွန် ၂၆ ရက်တွင် ရောက်ရှိလာသည်။ ၄င်းသည် ဂျပန်နိုင်ငံတွင် လေးရက်ကြာ နေထိုင်မည်ဖြစ်ပြီး     ယင်းခရီးစဉ်အတွင်း ဂျပန်နိုင်ငံဝန်ကြီးချုပ်      ရှင်ဇိုအာဘေးနှင့်တွေ့ဆုံဆွေးနွေးမှု        ပြုလုပ်မည်ဖြစ်ကာ အိုဆာကာမြို့တွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးသို့လည်း  တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မက်ခရွန်သည်    ပြင်သစ်သမ္မတအဖြစ်တာဝန်ထမ်းဆောင်စဉ်အတွင်း    ဂျပန်နိုင်ငံသို့ပထမဆုံးအကြိမ်လာရောက်ခြင်း ဖြစ်သည်။

ပြင်သစ်သမ္မတနှင့် ဇနီးတို့လိုက်ပါလာသည့်   လေယာဉ်သည်    မြို့တော်တိုကျိုရှိဟာနေဒါလေဆိပ်သို့   ဇွန်   ၂၆ ရက်   ဒေသစံတော်ချိန်     မွန်းလွဲ   ၁    နာရီခန့်တွင်ဆိုက်ရောက်ခဲ့သည်။

ပြင်သစ်သမ္မတသည်  ဇွန်  ၂၆  ရက်ညနေပိုင်းတွင်   ဂျပန်ဝန်ကြီးချုပ်ရုံး၌ ဝန်ကြီးချုပ်        အာဘေးနှင့်တွေ့ဆုံခဲ့သည်။ ပြင်သစ်နှင့်ဂျပန်        နှစ်နိုင်ငံခေါင်းဆောင်များသည်       လွတ်လပ်စွာကုန်သွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၌  နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ  ပြုလုပ်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

နစ်ဆန်နှင့်ရေးနော့    မော်တော်ကား ကုမ္ပဏီများ၏   မဟာမိတ်ပြုမှုများ   ခိုင်မာအားကောင်းစေရေးအတွက်   နည်းလမ်းများ နှင့်ပတ်သက်ပြီး   ဆွေးနွေးခဲ့ကြောင်း  သိရသည်။ ပြင်သစ်အစိုးရသည် ရေးနော့ကုမ္ပဏီ၏ အစုရှယ်ယာအများစုကို ပိုင်ဆိုင်ထားသည်။

ပြင်သစ်သမ္မတသည် ဇွန် ၂၇ ရက်တွင်ဂျပန်ဧကရာဇ်  နာရူဟီတိုနှင့်    ဂျပန်ဘုရင့်နန်းတော်၌   တွေ့ဆုံမည်ဖြစ်ပြီး ၄င်းအား ဂျပန်ဘုရင်က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်သည်။

ဂျီ-၂၀ နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ၏အစည်းအဝေးကို ဇွန်  ၂၈  ရက်တွင်ဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်ပွဲတွင် ပြင်သစ်သမ္မတ က ကုန်သွယ်ရေးနှင့်  ရာသီဥတုပြောင်းလဲမှုဆိုင်ရာများ၌     နိုင်ငံတကာမှ    ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရန်     တိုက်တွန်းပြောကြားမည်ဟု မျှော်လင့်ရသည်။ 

အင်န်အိတ်ချ်ကေ