ရီယိုဒီဂျနေရိုး နိုဝင်ဘာ ၁၈

 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့စ်သည် ဘရာဇီးနိုင်ငံ ရီယီုဒီဂျနေရိုးမြို့တွင် ကျင်းပမည့် ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ယနေ့တက်စ်သတင်းဌာန သတင်းအရ သိရသည်။

 

ဆွေးနွေးမည့်အဓိကအကြောင်းအရာများမှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ စားရေရိက္ခာမလုံလောက်မှုနှင့် ကမ္ဘာပေါ်ရှိ အဖွဲ့အစည်းများဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတို့ကို ဆွေးနွေးမည်ဖြစ်သည်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ဗရော့စ်အနေဖြင့်် အဆိုပါထိပ်သီးဆွေးနွေးပွဲပြင်ပတွင် နိုင်ငံများမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာကာရိုဗာက ပြောကြားသည်။

 

ရုရှားကိုယ်စားလှယ်အဖွဲ့သည် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးအတွင်း ဘရာဇီးသမ္မတ လူလာဒါဆေးဗား ဦးဆောင်သည့် ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမဟာမိတ်အဖွဲ့တွင် ဝင်ရောက်မည် ဖြစ်ကြောင်း ကြေညာမည်ဖြစ်သည်။ ထို့ပြင် အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ရုရှားကိုယ်စားလှယ်အဖွဲ့က ကိုယ်စားပြုတင်ပြဆွေးနွေးမည် ဖြစ်ပြီး စွမ်းအင်အသွင်ကူးပြောင်းမှုကဲ့သို့သော ကိစ္စရပ်များအား အချိုးညီစွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကာ ရုရှားနိုင်ငံ ကာဇန်မြို့တွင် ကျင်းပခဲ့သည့် BRICS အဖွဲ့ ထိပ်သီးဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်မည်ဟု သိရသည်။

 

ရုရှားနိုငံသည် အနောက်အုပ်စုနိုင်ငံများ၏ နှစ်ထပ်စံနှုန်းများနှင့် ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခများအား လျစ်လျူရှုခြင်းကိုရှုတ်ချကြောင်းနှင့် စီးပွားရေးအား ထိပ်တိုက်ရင်ဆိုင်ရေးအတွက် လက်နက် အဖြစ်အသုံးချခြင်းကို ရှုတ်ချကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာရာကိုဗာကပြောကြားသည်။ ထို့ပြင်အနောက်အုပ်စုနိုင်ငံများဘက်သို့ ဘက်လိုက်ခြင်းမရှိသည့် ကြေညာချက်များကို ထုတ်ပြန်နိုင်ခဲ့သည့်အတွက် ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲအား ရုရှားနိုင်ငံကကြိုဆိုကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

 

ကိုးကား - တက်စ်သတင်းဌာန

ဘာသာပြန် - စိုးသူရ