ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင်  ထရန့် နှင့် ရှီ တွေ့ဆုံဆွေးနွေးဖွယ်ရှိ

၂၅ ဇွန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှစ်ဦးသည် ဆက်လက်ဖြစ်ပေါ်နေသော နှစ်နိုင်ငံကုန်သွယ်ရေးပွတ်တိုက်မှုအကြား လာမည့်စနေနေ့တွင် တွေ့ဆုံဆွေးနွေးရန် မျှော်မှန်းထားသည်။

ထရန့်သည် လာမည့် သောကြာနေ့ နှင့် စနေနေ့တို့တွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ကြာသပတေးနေ့မှ စတင်ကာ ဂျပန်နိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် အစိုးရအဖွဲ့ အကြီးတန်းအဆင့် တာဝန်ရှိသူတစ်ဦးက သမ္မတ ထရန့်ခရီးစဉ်ကို ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ထရန့်သည် တူရကီသမ္မတ Recep Tayyip Erdogan ၊ ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့အပါအဝင် နိုင်ငံ ရှစ်နိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နှင့် တရုတ်သမ္မတ တို့ ပြီးခဲ့သည့် သီတင်းပတ်က တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်နိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ တို့အကြား နျူကလီးယား ကင်းစင်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးရန် ထရန့် နှင့် ရှီ တို့ကလည်း မျှော်မှန်းခဲ့သည်။

အီရန်နိုင်ငံ နှင့် စစ်ရေးတင်းမာမှုများ မြင့်မားလာမှုအပေါ်  နိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့်အမြင်ချင်းဖလှယ်ရန်လည်း သမ္မတ ထရန့်က လိုလားသည်။

ထရန့်က တောင်ကိုရီးယား နိုင်ငံသို့ ယခု စနေ၊ တနင်္ဂနွေ သွားရောက်မည့် ခရီးစဉ်အတွင်း ကိုရီးယားနှစ်နိုင်ငံအကြားရှိ စစ်မဲ့ဇုန် သို့သွားရောက်ရန် စဉ်းစားနေသည်ဟု ဖော်ပြထားသည်။ ထရန့်သည် ကင်ဂျုံအန် နှင့် လောလောဆယ် တွေ့ရန် မရှိဟု ၎င်း အမေရိကန် အစိုးရအရာရှိက ထပ်လောင်းပြောဆိုခဲ့သည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို