ဂျီ-၇ ထိပ်သီးအစည်းအဝေးသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ရုတ်တရက်ရောက်ရှိလာ

ပါရီ ၂၇ ဩဂုတ် 


အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ်က ပြင်သစ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ဂျီ-၇ ထိပ်သီး အစည်းအဝေးသို့ ရုတ်တရက်သွားရောက်ခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။


ယင်းသို့ ဂျီ-၇ ထိပ်သီးအစည်းအဝေးသို့ ရုတ်တရက် သွားရောက်ခြင်းသည် အီရန်နျူကလီးယား ဖွံ့ဖြိုးမှု အစီအစဉ်နှင့်ပတ်သက်ပြီး အီရန်နှင့် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံ များအကြား အေးစက်သွားသော သံတမန်ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းခြင်းဖြစ်သည်။


အိမ်ရှင်ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အီရန်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို ဂျီ-၇ ခေါင်းဆောင်များအား ကြိုတင်ပြောကြားထားခြင်း မရှိပေ။ သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း အမေရိကန်နှင့် အီရန် ဆက်ဆံရေးတင်းမာမှုကို ပြန်လည်ပြေလျော့စေရန် ကြိုးပမ်းလျက်ရှိသည်။


အီရန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိကြောင်း ပြင်သစ်သတင်းရင်းမြစ်များက ဆိုသည်။


အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်က ပြင်သစ် သမ္မတ မက်ခရွန်၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းယုဗ် လီဒရိန်းအပါအဝင် ဗြိတိန်နှင့် ဂျာမန်တာဝန်ရှိသူများကို တွေ့ဆုံခဲ့ပြီးနောက် အီရန်နိုင်ငံ၏ နျူကလီးယားအရေး နှင့်ပတ်သက်ပြီး နိုင်ငံ့ခေါင်းဆောင်များ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် ကြိုးပမ်းခြင်းမှာ လွယ်ကူသောကိစ္စ တစ်ခုမဟုတ်သော်လည်း ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သူ၏ တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။


အီရန်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာမှုနှင့် ပတ်သက်ပြီး သမ္မတ ထရန့်နှင့် ပြင်သစ်သမ္မတ မက်ခရွန် တို့သည် နေ့လယ်စာသုံးဆောင်လျက် ဆွေးနွေးခဲ့ကြဖွယ် ရှိသည်ဟု ပြင်သစ်တာဝန်ရှိသူများက ဆိုသည်။


အီရန်နှင့်ဆွေးနွေးမှုပြုလုပ်ရန် ပြင်သစ်သမ္မတ မက်ခရွန်၏ ကမ်းလှမ်းချက်ကို သမ္မတထရန့်က အပြု သဘောဆောင်ကာ တုံ့ပြန်ခဲ့ဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ဆိုသည်။


အီရန်နိုင်ငံက စေ့စပ်ညှိနှိုင်းမည်ဆိုပါက ကြိုတင် ညှိနှိုင်းသတ်မှတ်ချက်စံနှုန်းများနှင့် ပြုလုပ်ရမည်ကို လက်ခံမည်မဟုတ်ကြောင်း သမ္မတထရန့်က ကနဦး ပြောကြားခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မျူချင်က ဆိုသည်။


အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်နှင့် တွေ့ဆုံဆွေးနွေး မှုများသည် အပြုသဘောဆောင်ပါကြောင်းနှင့် ၎င်းအနေ ဖြင့် ခေါင်းဆောင်များ၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းခဲ့ပါကြောင်း ပြင်သစ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။


ကိုးကား- အေအက်ဖ်ပီ
ဘာသာပြန်- အောင်ကျော်ကျော်