၂၀ သြဂုတ်
ဗြိတိန်နဲ့ အီရန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးတင်းမာမှုကို အစပြုခဲ့တဲ့ မီးပွားတစ်ခုလို့ဆိုရမယ့် အီရန် ရေနံတင်သင်္ဘောဟာဆိုရင် ဩဂုတ် ၁၈ ရက်ညပိုင်းမှာတော့ ဂျီဘရော်လ်တာကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဗြိတိန်ရဲ့နယ်နိမိတ်ဖြစ်တဲ့ ဂျီဘရော်လ်တာမှာ အီရန်ရေနံတင်သင်္ဘောကို ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေ ချိုးဖောက်တယ်ဆိုတဲ့အကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ရက်သတ္တ ခြောက်ပတ်တိတိ ကြာမြင့်ခဲ့ပြီးတဲ့နောက်မှာတော့ သင်္ဘောကို ဂျီဘရော်လ်တာတရားရုံးက ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အမည်သစ်ပေး
ရေနံတင်သင်္ဘော ဂရေ့စ်ဝမ်းဟာ ဗြိတိန်နယ်နိမိတ်ကနေ ထွက်ခွာရွေ့လျားလျက်ရှိပြီး ဩဂုတ် ၁၉ ရက်မှာတော့ အရှေ့ဘက်ကိုကွေ့သွားပြီး ဂရိနိုင်ငံ ကာလာမာတာဆီ ဦးတည်ခုတ်မောင်းသွားတယ်လို့ ရေကြောင်းသွားလာမှုလေ့လာ စောင့်ကြည့်အဖွဲ့က ဖော်ပြခဲ့ပါတယ်။ ဂရေ့စ်ဝမ်းဆိုတဲ့ အမည်ကနေ အခုအခါ အီရန်က အက်ဒရီယန်ဒါရာဝမ်းလို့ အမည်သစ်ပေးထားတဲ့ အဲဒီရေနံတင်သင်္ဘောကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို ဂျီဘရော်လ်တာ အာဏာပိုင်တွေက ငြင်းဆန်လိုက်ပြီး နာရီအနည်းငယ်အကြာမှာ သင်္ဘောထွက်ခွာသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။
ပိတ်ဆို့မှုကိုချိုးဖောက်
ရေနံစည်ပေါင်း ၂ ဒသမ ၁ သန်း အပြည့်တင်ဆောင်ထားတဲ့ အက်ဒရီယန်ဒါရာဝမ်း သင်္ဘောပေါ်က ကုန်စည် တန်ဖိုးဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ( ယူရိုငွေ ၁၁၅ သန်း) တန်ဖိုးရှိတယ်လို့ သိရပါတယ်။ အစက အဲဒီရေနံတင်သင်္ဘောကို ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေ ချိုးဖောက်ပြီး ရေနံတွေ ဆီးရီးယားနိုင်ငံဆီ ပို့ဆောင်ဖို့ တင်ဆောင်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗြိတိန်တော်ဝင်ရေတပ်ဖွဲ့က ဂျီဘရော်လ်တာကမ်းခြေမှာ ဇူလိုင် ၄ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုဖမ်းဆီးလိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ ဗြိတိန်အလံလွှင့်ထူထားတဲ့ စတီနာအင်ပီရို ရေနံတင်သင်္ဘော တစ်စင်းကို ပင်လယ်ကွေ့အတွင်းမှာ အီရန်က ပြန်ပြီးဖမ်းဆီး ထိန်းသိမ်းလိုက်ရာက နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးမှာ ပဋိပက္ခတစ်ခုပေါ်ပေါက်စေခဲ့ပါတယ်။ ဒီအခါမှာ ဗြိတိန်ဘက်က ဘာလုပ်သလဲဆိုတော့ ဒုတိယမြောက် စစ်သင်္ဘောတစ်စင်းကို ပင်လယ်ကွေ့ဒေသဆီစေလွှတ်ပြီး ကုန်တင်သင်္ဘောတွေ ကူးသန်းသွားလာမှုကို လိုက်ပါစောင့် ကြပ်ကာကွယ်စောင့်ရှောက်စေခဲ့ပါတယ်။
ကတိကဝတ်ပါတဲ့စာတစ်စောင်
ရေနံတွေ ဆီးရီးယားကိုပို့ဆောင်ဖို့ သင်္ဘောပေါ် တင်ဆောင်လာခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အီရန်ဘက်က ငြင်းဆန်ခဲ့ပါတယ်။ အီရန်အနေနဲ့ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု သက်ရောက်တဲ့ ဆီးရီးယားနိုင်ငံ သို့မဟုတ် တခြားဘယ်နေရာမှာမဆို သင်္ဘောနဲ့ရေနံတွေ ပို့ဆောင်မှုကို မလုပ်တော့ဘူးဆိုတဲ့ ကတိကဝတ်ပါရှိတဲ့ စာတစ်စောင်ကို ဂျီဘရော်လ်တာသို့ ပေးပို့ခဲ့ပြီးနောက်မှာ ၎င်းကို ဖမ်းဆီးထိန်းသိမ်းထားမှု အဆုံးသတ်ပြီး ပြန်လွတ်လာတာ ဖြစ်ဖွယ်ရှိတယ်လို့ စောင့်ကြည့်အဖွဲ့တွေက သုံးသပ်နေကြပါတယ်။
မကျေအေးနိုင်သူ
ဒီကိစ္စမှာ အီရန်နဲ့ ဗြိတိန်တို့ ကျေအေးကောင်း ကျေအေးသွားတယ်လို့ ထင်မြင်ယူဆရပေမယ့် မကျေအေးနိုင်တဲ့ နောက်တစ်ဖက်ကတော့ ဝါရှင်တန်ဖြစ်ပါတယ်။ ဝါရှင်တန်ရှိ ဖက်ဒရယ်တရားရုံးက အမေရိကန်က အီရန်အပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့ပြီး ရေနံတွေတင်ဆောင်လာတဲ့ အီရန် ရေနံတင်သင်္ဘောကို ဖမ်းဝရမ်းထုတ်လာပြန်ပါတယ်။
အီရန်ရေနံတင်သင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က လည်ပတ်ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ ပါဝင်တဲ့ ကွန်ရက်တစ်ခုကတစ်ဆင့် ထိန်းချုပ်ထားတာဖြစ်တယ်လို့ အမေရိကန်က တပ်အပ်ပြောနေပါတယ်။ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ဆိုတာဟာလည်း တခြားမဟုတ်ပါဘူး။အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှုတွေ အဓိကပစ်မှတ်ထား လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းပါပဲ။
တောင်းဆိုချက်ကိုငြင်းဆန်
ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ရဲ့ ဒီကိစ္စက ဥရောပသမဂ္ဂရဲ့ ဥပဒေဘောင်အတွင်းမှာ ရှိနေတာမို့လို့ သင်္ဘောကို ဖမ်းဆီးထားဖို့ အမေရိကန်ရဲ့တောင်းဆိုချက်ကို မလိုက်နာနိုင်ဘူးလို့ ဂျီဘရော်လ်တာ အာဏာပိုင်တွေက ဩဂုတ် ၁၈ ရက်မှာ ငြင်းဆန်လိုက်ပါတယ်။ အီရန်အပေါ်မှာ ဥရောပသမဂ္ဂက ချမှတ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေဟာ အခြေခံအားဖြင့် အမေရိကန်နဲ့ ကွဲလွဲတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ပေမယ့် ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ ဂျီဘရော်လ်တာ ဥပဒေက မသတ်မှတ်ထားဘူးလို့ အာဏာပိ်ုင်တွေက ပြတ်ပြတ်သားသားဆိုခဲ့ပါတယ်။
အနှောင့်အယှက်မရှိ
အမေရိကန်ရဲ့တောင်းဆိုချက်ကို ဂျီဘရော်လ်တာက သဘောမတူခဲ့ပေမယ့်လည်း ဖမ်းဆီးထိန်းသိမ်း ထားရာကနေ ပြန်လွှတ်ပေးလိုက်တဲ့ ရေနံတင်သင်္ဘော ထွက်ခွာသွားချိန်မှာ တရားဝင်နှောင့်ယှက်တားဆီးတဲ့ ကိစ္စမျိုးတော့ ချက်ချင်းလက်ငင်းပေါ်ထွက်လာတာ မရှိခဲ့ပါဘူး။
အီရန်သမ္မတ ဟက်ဆန်ရိုဟာနီရဲ့ ရုံးအဖွဲ့အကြီးအကဲ မာမွန်ဗယ်ဇီကတော့ ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးလိုက်တာဟာ သံတမန်ဆက်ဆံရေးအောင်ပွဲတစ်ခု ဖြစ်တယ်လို့ Mehr သတင်းအေဂျင်စီသို့ ပြောကြားခဲ့ချိန် တခြားအာဏာပိုင်တွေက အီရန်အနေနဲ့ ရေနံတင်သင်္ဘောရဲ့ အနာဂတ်လမ်းကြောင်းနဲ့ ပတ်သက်လို့ ဘာကတိကဝတ်မှ ပေးအပ်ခဲ့တာမရှိဘူးလို့ ဆိုနေပြီး ဆီးရီးယားဆီကို ရေနံပို့ဆောင်ဖို့ လုပ်ခဲ့တယ်ဆိုတဲ့ ကိစ္စကတော့ လုံးဝမဟုတ်ဘူးလို့ ဘူးခံငြင်းဆန်လျက်ရှိပါတယ်။
အထောက်အထားတွေရှိ
ဒီကိစ္စကြောင့် အီရန်ဟာ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးအရ ခုခံကာကွယ်တဲ့ဖော်ပြချက်တွေ လုပ်ဆောင်နေတယ်လို့ ဂျီဘရော်လ်တာက စွပ်စွဲခဲ့ပါတယ်။ ကတိကဝတ်အာမခံချက်တွေပါတဲ့ ရေးသားချက်ကို အခုရက်သတ္တပတ် အစောပိုင်းမှာ ပေးအပ်ခဲ့တာဖြစ်ပြီး ပြည်ပမှာရှိနေခဲ့တဲ့ သက်သေအထောက် အထားတွေအရ သင်္ဘောဟာ ဆီးရီးယားဆီ သွားနေခဲ့တယ်ဆိုတာကို ပြသနေတယ်လို့ ဂျီဘရော်လ်တာက ဖော်ပြပါတယ်။
အီရန်အနေနဲ့ ထွက်ခွာသွားတဲ့ ရေနံတင်သင်္ဘောကို လိုက်ပါစောင့်ရှောက်ဖို့အတွက် အီရန်ရေတပ်ဖွဲ့ သင်္ဘောအုပ်စုကို လိုအပ်လာရင် စေလွှတ်မယ်လို့ ဆိုပါတယ်။ အီရန် ရေတပ်အကြီးအကဲ ဟူစိန်ခန်ဇာဒီက ကိုယ့်ကိုထိလို့ ကြောက်ပြီးထွက်ပြေးတယ်ဆိုတဲ့ ခေတ်ကကုန်နေပြီ။ အကယ်၍ ထိပ်တန်းအာဏာပိုင် တွေကသာ ရေတပ်ကို အမိန့်ပေးလာခဲ့ရင် အက်ဒရီယန်ဒါရာဝမ်း ရေနံတင်သင်္ဘောကို လိုက်ပါစောင့်ကြပ် ကာကွယ်ဖို့ အဆင်သင့်ပဲလို့ ပြောကြားလိုက်ပါတယ်။
အစားထိုးမယ်
အက်ဒရီယန် ဒါရာဝမ်း သင်္ဘောအတွက် ရုံးစာလုပ်ငန်းတွေနဲ့ ပို့ဆောင်ထောက်ပံ့မှုကိစ္စရပ်တွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ ငှားရမ်းထားတဲ့ ဂျီဘရော်လ်တာရှိ သင်္ဘောပို့ဆောင်ရေးအေဂျင်စီ Astralship က သင်္ဘောပေါ်မှာရှိတဲ့ သင်္ဘောသားတွေနေရာမှာ အိန္ဒိယနဲ့ ယူကရိန်းနိုင်ငံက သင်္ဘောသားသစ်တွေနဲ့ အစားထိုးသွားဖို့ရှိတယ်လို့ အေပီသတင်းသို့ ပြောကြားခဲ့ပါတယ်။
အစက ဂရေ့စ်ဝမ်းလို့ အမည်ပေးထားခဲ့တဲ့ အီရန်သင်္ဘောဟာ ပနားမားအလံလွှင့်ထူပြီး ခုတ်မောင်းလာစဉ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဩဂုတ် ၁၈ ရက်(တနင်္ဂနွေနေ့)မှာတော့ အနီရောင်၊ အစိမ်းရောင်နဲ့ အဖြူရောင်တွေ ပါဝင်နေတဲ့ အီရန်အလံတလွင့်လွင့်နဲ့ သင်္ဘောတစ်စင်းကို သတင်းဓာတ်ပုံတွေထဲမှာတွေ့ မြင်နေရပြီး သင်္ဘောကိုယ်ထည်ပေါ်မှာ အဖြူရောင်စာလုံးနဲ့ ရေးထိုးထားတဲ့ နာမည်သစ်ကတော့ အက်ဒရီယန် ဒါရာဝမ်းဆိုတဲ့ အမည်ပဲဖြစ်ပါတယ်။ ။
ကလျာမိုးမြင့်
ကိုးကား- သည်ဂါဒီယန်