၁၁ စက်တင်ဘာ
" နေသာချိန်" ဟုအမည်ပေးထားသော ပထမဆုံးတစ်ကိုယ်တော် စီးရီးနှင့် ပရိသတ် လက်ခံအားပေးမှုတွေ ရရှိခဲ့သူ၊ အဆိုတော် နီတာက ဂီတသက်တမ်း ၈ နှစ်ပြည့်မြောက်ခြင်း အမှတ်တရအဖြစ် ၊သူ၏ ပထမဆုံး “Pop& Rock Night” One Man Show ဟုအမည်ပေးထားသော ဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၆ ရက် ည ၈ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ Sakura tower Rooftop ၌ ကျင်းပသွားမည်ဟု သိရသည်။
''ဒီပွဲက ကျွန်တော်ရဲ့ ပထမဆုံး တစ်ကိုယ်တော် ရှိုးပါ။ ဒီပွဲကတော့ အဓိက ပရိသတ်နဲ့ တစ်သား တည်းကျမယ့် သီချင်းတွေချည်းပဲ ဆိုမှာပါ။ ကျွန်တော့်ကို ပရိသတ်တွေ အများကြီးအားပေးခဲ့တဲ့ သီချင်းတွေချည်းပဲ ရွေးထားတယ်။ ပရိသတ်တောင်းထားတဲ့ သီချင်းတွေချည်းပဲ အဓိက ဆိုမှာပါ။ ဒီပွဲအတွက်ကတော့ အဓိက အရမ်းလည်း ဝမ်းသာတယ်။ ပြီးတော့ အရမ်းလည်း စိတ်လှုပ်ရှားတယ်။ ပရိသတ်ကို ပထမဆုံး ဖျော်ဖြေရတဲ့ ပွဲလေးကို ကျွန်တော် အရမ်းရင်ခုန်ပြီးတော့ စောင့်နေပါတယ်။ ဒီပွဲ Title ပေးဖြစ်တာက ကျွန်တော်က pop လဲဆိုတယ်။ Rock လည်း ဆိုတဲ့ အဆိုတော်တစ်ယောက်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် Pop& Rock Night ဆိုတဲ့ နာမည်လေး ပေးဖြစ်တာပါ"
အဆိုပါ ဖျော်ဖြေပွဲတွင် ပထမပိုင်း အစီအစဉ်တွင် တေးသီချင် ၁၃ ပုဒ် သီဆိုမည်ဖြစ်ကြောင်း၊ ဒုတိယ ပိုင်းတွင် ၁၄ ပုဒ် သီဆိုပြီး ၊ တစ်ကိုယ်တော် အဖြစ် ၂၂ ပုဒ် သီဆိုသွားမည်ဖြစ်ကြောင်း၊ ဖျော်ဖြေပွဲတွင် တွဲဖက်သီဆိုမည့် အဆိုရှင်များ အနေဖြင့် ရတနာမိုင် ၊ ချမ်းချမ်း ၊ အေသင်ချို ဆွေ နှင့် ချောငယ် တို့ဖြင့် တေးသီချင်း စုစုပေါင်း ၂၇ ပုဒ်ကို ပထမပိုင်း နှင့် ဒုတိယပိုင်းခွဲခြားကာ ဖျော်ဖြေကြမည်ဟု သိရသည်။
“သီချင်းတွေကတော့ အဓိက ကျွန်တော်ပေါက်ထားတဲ့ သီချင်းတွေ အများဆုံး ဆိုမှာပါ။ အခုနောက်ဆုံး ထွက်တဲ့အခွေထဲက ‘မငိုပါနဲ့၊ ‘မင်းနားလည်မှာပါ’၊ ‘ငိုကြွေးသောညများ’၊ ‘တစ်ယောက်တည်းလွမ်းနေ’ ၊ ‘သိုးမည်းတွေအကြောင်း’ ဒီသီချင်းတွေ ဆိုမှာပါ။ ပထမဆုံး ကျွန်တော့်ကို အားပေးခဲ့တဲ့ အခွေထဲ ကဆိုရင် မင်းနဲ့ဝေးရာ၊ အေသင်နဲ့ ပေါက်ခဲ့တဲ့ သီချင်း ‘အချစ်လျော့မှာဆိုးလို့’၊ ‘အချစ်ဆိုတဲ့ကား’ ၊ ချမ်းချမ်းနဲ့ ပေါက်ခဲ့တဲ့ သီချင်း ‘တစ်ယောက်တည်းငိုမယ်’တို့ ၊ ပြီးတော့ ရတနာမိုင်နဲ့ ပေါက်ခဲ့တဲ့ သီချင်း ‘ဆုံချင်ပြီ’ ဆိုတဲ့ သီချင်းလေးလည်း ဆိုပါမယ်" ဟု သိရသည် ။
ကိုလင်း