၂၃  ဇူလိုင်

လီဗာပူးအသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ဂျိမ်းမီနာဟာ အမ်ဖီးလ်မှာ ဆက်ရှိနေဖို့ ဆန္ဒရှိနေတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပေမယ့် ကာလရှည်ကြာစွာ ဆက်ရှိရန်မှာ မသေချာသေးလို့ ပြောကြားလိုက်ပါတယ်။

ကွင်းလယ်ကစားသမား ဂျိမ်းမီနာဟာ ၂၀၁၅ ခုနှစ်တုန်းက မန်စီးတီးအသင်းကနေ လီဗာပူးအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နည်းပြကလော့ရဲ့လက်ထက်မှာ အဓိကကစားသမား တစ်ဦးအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဂျိမ်းမီနာရဲ့ လီဗာပူးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံး ၁၂ လထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အဲဒါကြောင့် စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုရေးနဲ့ ပတ်သက်ပြီး လီဗာပူးအသင်းနဲ့ ဂျိမ်းမီနာရဲ့ ကိုယ်စားလှယ်တို့အကြား အကြိုဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိမ်းမီနာကတော့ လီဗာပူးအသင်းနဲ့ စာချုပ်သစ်အတွက် သဘောတူညီထားတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။ ဂျိမ်းမီနာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက လီဗာပူးအသင်းနဲ့အတူ ပြိုင်ပွဲအရပ်ရပ်မှာ ၄၅ ပွဲပါဝင်ကစားပေးထားပြီး စုစုပေါင်း ပရီမီယာလိဂ်ပွဲစဉ် ၅၁၆ ပွဲအထိ ပါဝင်ကစား ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်