ဂျိန်းစ်ဘွန်းအဖြစ် ဆက်လက်မရိုက်ကူးဖို့ ဒန်နီရယ်ခရက် ဆုံးဖြတ်

ဂျိန်းစ်ဘွန်းရုပ်ရှင်တွေရဲ့ အဓိကဇာတ်ဆောင် ဂျိန်းစ်ဘွန်းအဖြစ် နောက်ဆုံးရုပ်ရှင်အထိ သရုပ်ဆောင် ခဲ့သူ မင်းသားကြီး ဒန်နီရယ်ခရက်ကို ဂျိန်းစ်ဘွန်းအဖြစ် နောက်ထပ်တွေ့မြင်ရတော့မှာမဟုတ်ပါဘူး။ ဒန်နီရယ်ခရက်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ဂျိန်းစ်ဘွန်းအဖြစ် ဆက်လက်သရုပ်မဆောင်တော့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒန်နီရယ်ခရက်ဟာ ဂျိန်းစ်ဘွန်းရုပ်ရှင် ငါးကားမှာ ပါဝင်သရုပ်ဆောင် ခဲ့ပြီး နောက်ဆုံးပါဝင်ခဲ့တဲ့ ရုပ်ရှင်ကတော့ No Time To Die ဖြစ်ပါတယ်။ ဂျိန်းစ်ဘွန်းရုပ်ရှင်သမိုင်းမှာ ဂျိန်းစ်ဘွန်းအဖြစ် အချိန်အကြာဆုံး ပါဝင်သရုပ်ဆောင်ခဲ့သူအဖြစ် ယခင် မှတ်တမ်းဝင်ခဲ့တဲ့ မင်းသားကြီး ရော်ဂျာမိုးရဲ့ စံချိန်ကို ကျော်လွန်ကာ ဒန်နီရယ်ခရက်ဟာ ၁၅ နှစ်တိုင်တိုင် ဂျိန်းစ်ဘွန်းအဖြစ် ပါဝင်ခဲ့တဲ့ အချိန်အကြာဆုံး ပါဝင်သရုပ်ဆောင်ခဲ့သူအဖြစ် စံချိန်သစ်တင်ထားတာလည်း ဖြစ်ပါတယ်။

ဒန်နီရယ်ခရက်ဟာ သူ ဂျိန်းစ်ဘွန်းအဖြစ် ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကတည်းက ပစ်ခတ်မှု ရိုက်ကူးရေးတွေမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်အတွင်း ရိုက်ကူးခဲ့တဲ့ Casino Royale ရုပ်ရှင်မှာ ဒန်နီရယ်ခရက်ဟာ ပစ်ခတ်မှုစတန့်တစ်ခုကို ရိုက်ကူးရင်း သွားနှစ်ချောင်းကျွတ်ခဲ့တယ်လို့ သိရပါတယ်။ ဒန်နီရယ်ခရက်ဟာ Candis မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူဟာ တိုက်ခိုက် တဲ့အခန်းတွေကို ရိုက်ကူးရတာကို ကြိုက်နှစ်သက်ကြောင်း၊ သို့သော် ယခု အသက်အရွယ်ရလာချိန်မှာ ယခင်လုပ်ဆောင်ခဲ့သလို မလုပ်နိုင်တာတွေရှိလာကြောင်းနဲ့ No Time To Die ဟာ သူ့ရဲ့နောက်ဆုံး ဂျိန်းစ်ဘွန်းရုပ်ရှင်ဖြစ်လာမှာဖြစ်ကြောင်း ထည့်သွင်းဖြေကြားခဲ့တယ်လို့ သိရပါတယ်။

အေးပြည့်