၂၈ သြဂုတ်
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီး တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''Girl's Generation''ဟာ လက်ရှိမှာ အဖွဲ့ဝင်ငါးဦးသာ ကျန်ရှိခဲ့တာဖြစ်ပြီး အဖွဲ့ခွဲသစ် ဖွဲ့စည်းကာ အမည်ကိုလည်း လတ်တလောမှာ ထုတ်ဖော် ပြောကြားလာခဲ့တာ ဖြစ်တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
အဖွဲ့ခွဲသစ်ရဲ့ နာမည်ကိုတော့ ''Oh!GG''လို့ ပေးထားပြီး ယင်းအဖွဲ့ရဲ့ တေးဂီတလှုပ်ရှားမှုတွေကိုတော့ လာမယ့် စက်တင်ဘာလအတွင်း တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ အဖွဲ့ခွဲသစ်ကို မိတ်ဆက်တဲ့ အနေနဲ့ အဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံကို ထုတ်ဖော်ပြသလာခဲ့ပြီး အဖွဲ့ဟာ လာမယ့်စက်တင်ဘာ ၅ ရက်မှာ တေးသီချင်းသစ် ''Lil' Touch''နဲ့ အတူ ပရိသတ်ရှေ့အရောက် ပြန်လာဖို့ရာ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
'' Oh!GG''အဖွဲ့မှာတော့ ''Girls' Generation''စတင်တည်ထောင်စဉ်က ပါဝင်ခဲ့ကြတဲ့ အဖွဲ့ဝင် ကိုးဦးအနက် အက်စ်အမ်အန်တာတိန်းမန့်နဲ့ စာချုပ်ဆက်လက် ချုပ်ဆိုခဲ့ကြတဲ့ အနုပညာရှင်ငါးဦး ပါဝင်တာ ဖြစ်ပါတယ်။ သူတို့ကတော့ တေးယွန်၊ စန်နီ၊ ဟိုယွန်း၊ ယူရီနဲ့ ယွန်နတို့ ဖြစ်ကြပါတယ်။
''Girls' Generation''ရဲ့ အနုပညာသက်တမ်း ၁၁ နှစ်ပြည့်အထိမ်းအမှတ်ကိုလည်း ယခုလအစပိုင်းမှာ ပရိသတ်တွေက ပြုလုပ်ပေးခဲ့ပြီး အမှတ်တရအဖြစ် ကေပေါ့ပ်ကြယ်ပွင့်တွေကလည်း အဖွဲ့ရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားဖော်ပြမှုတွေ ပြုခဲ့ကြပါတယ်။ ဒီလို ဖော်ပြခဲ့ရာမှာတော့ အက်စ်အမ်နဲ့ လက်တွဲဖြုတ်ကာ အေဂျင်စီသစ်နဲ့ ဆက်လက်လျှောက်လှမ်းခဲ့ကြတဲ့ အဖွဲ့ဝင်ဟောင်းတွေကလည်း အမှတ်တရ အစီအစဉ်တွေမှာ ပါဝင်ရေးသား ဖော်ပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
အေးပြည့်