၃ ဒီဇင်ဘာ
နာမည်ကျော် ဟောလီဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်တို့ရဲ့ ကလေး ၆ ယောက်အပေါ် အုပ်ထိန်းခွင့် တောင်းခံနေမှုမှာ တရားရုံးမရောက်အောင် ရှောင်ရှားတဲ့အနေနဲ့ သဘောတူညီချက် ရရှိပြီဖြစ်ကြောင်း သိရပါတယ်။
ပစ်နဲ့ဂျိုလီဟာ ၂၀၁၆ခုနှစ် စက်တင်ဘာလမှာ ၂ နှစ်ကြာ လက်ထပ်မှုနဲ့ ၁၁ နှစ်အကြာ အတူလက်တွဲနေထိုင်ခြင်းကို အဆုံးသတ်ခဲ့ကြပါတယ်။
သူတို့နှစ်ဦးမှာ သွေးသား သားသမီး ၃ ဦးနဲ့ မွေးစားသားသမီး ၃ ဦး စုစုပေါင်းကလေး ၆ ဦး ထွန်းကားထားပါတယ်။
သဘောတူညီချက်ပေါ်မှာ သူတို့နှစ်ဦးနဲ့အတူ တရားသူကြီးပါ လွန်ခဲ့တဲ့သီတင်းနှစ်ပတ်က လက်မှတ်ရေးထိုးပြီး ဖြစ်တယ်လို့ ဂျိုလီရဲ့ရှေ့နေက ပြောပါတယ်။
ဂျိုလီက ကလေးတွေအတွက် စောင့်ရှောက်ခွင့်ကို သူတစ်ဦးကလုပ်ရန် ဆန္ဒရှိတဲ့အပေါ် ပစ်က သူလည်းကလေးတွေ စောင့်ရှောက်ချင်ကြောင်း တောင်းခံရာမှ အခုလိုအခြေအနေကို ရောက်ရှိလာတာဖြစ်ပါတယ်။
သဘောတူညီချက် အသေးစိတ်ကို ထုတ်ပြောဖို့ ငြင်းဆန်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ ကွာရှင်းပြတ်စဲခြင်း အသေးစိတ်ကို ဆက်လက် ညှိနှိုင်းနေပါတယ်။
သူတို့နှစ်ဦးမှာ လက်မထပ်ခင်က သဘောတူညီချက် မရှိခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား-AFP