ဝါရှင်တန် ဇွန် ၃၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်လုပ်ဆောင်ရန် အစ္စရေးနှင့် အစ္စလာမ္မစ်အဖွဲ့ ဟားမားစ်တို့ကို တိုက်တွန်းလိုက်ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိအောင်လုပ်ဆောင်ရေး၊ ဓားစာခံများ ပြန်လွှတ်ပေးရေးနှင့်ပတ်သက်၍ ဇွန် ၂၉ ရက်က လူမှုကွန်ရက်၌ ရေးသား ထားသည်။ သီတင်းတစ်ပတ်အတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဇွန် ၂၇ ရက်တွင် သတင်းထောက်များကို ပြောကြားထားသည်။
မကြာမီကာလအတွင်း ကြားဝင်ညှိနှိုင်းစေ့စပ်ပေးသည့် အီဂျစ်နှင့် ကာတာနိုင်ငံတို့တွင် အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ဖွယ်ရှိသည်ဟု ဟားမားစ်သတင်းအရင်းအမြစ်များကို အာရပ်မီဒီယာများက ကိုးကားဖော်ပြထားသည်။ သို့သော်လည်း အစ္စရေးနှင့် ဟားမားစ်အဖွဲ့တို့ အကြား အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်ကြောင်း သိရ သည်။
အစ္စရေးတပ်မတော်သည် ဂါဇာတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ထို့အပြင် ဂါဇာမြောက်ပိုင်းဒေသများတွင် စစ်ရေးလှုပ်ရှားမှုများ အရှိန်မြင့်လာဖွယ်ရှိကြောင်း သိရသည်။ ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ အစ္စရေး၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၅၆၅၀၀ အသက်သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
အင်န်အိတ်ချ်ကေ