ကာတာ   ဇူလိုင်   ၇

အစ္စရေးကိုယ်စားလှယ်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးအတွက် အစ္စလာမ္မစ် အဖွဲ့ ဟားမားစ်နှင့် တစ်ဆင့်ခံဆွေးနွေးမှုများ လုပ်ဆောင်ရန် ကာတာနိုင်ငံသို့ ထွက်ခွာသွားကြောင်း အစ္စရေးနိုင်ငံရှိ မီဒီယာများက ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုက အဆိုပြုထားသည့် ဟားမတ်စ်နှင့် အစ္စရေးတို့အကြား ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ဟားမားစ်က တောင်းဆိုချက်များ ပြုလုပ်ခဲ့သည်။

တောင်းဆိုချက်များတွင် ဂါဇာကမ်းမြောင်ဒေသ အကူအညီဖြန့်ဖြူးမှုများတွင် ကုလသမဂ္ဂနှင့် လခြမ်းနီအဖွဲ့များက   ပြန်လည်ဦးဆောင်ရန်နှင့် ဇန်နဝါရီလတွင်ရရှိခဲ့သည့်   ယာယီအပစ်အခတ် ရပ်စဲရေးအခြေအနေအတိုင်း အစ္စရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရန် စသည့်အချက်များ ပါဝင် သည်။ အစ္စရေးက အဆိုပါတောင်းဆိုချက်များကို လက်ခံရန် ငြင်းဆန်ခဲ့သည်။

နှစ်ဖက်အဖွဲ့များကြား သဘောထားကွဲလွဲနေသော်လည်း အစ္စရေးက  ဓားစာခံများလွတ်မြောက်ရန်  ဆက်လက်ဆွေးနွေးသွားမည်ဟု  ပြောကြားခဲ့သည်။

အသေးစိတ်နှင့်ပတ်သက်ပြီး အငြင်းပွားမှုအများအပြားရှိနေသည့်အတွက် သဘောတူညီချက် တစ်ရပ်ရရှိရန် အချိန်ကြာမြင့်ဦးမည်ဖြစ်ကြောင်း အစ္စရေးအစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ အစ္စရေးမီဒီယာ  ဟာရက်ဇ်က   ဇူလိုင်  ၆  ရက်က ဖော်ပြခဲ့သည်။

ထိုသို့ဖြစ်စဉ်များ ဖြစ်ပွားနေချိန်တွင်  ဂါဇာကမ်းမြောင်ဒေသ၌  အစ္စရေးက တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။

လွန်ခဲ့သည့်  ၂၄ နာရီအတွင်း လူ ၈၀ သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင် များက ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်   အောက်တိုဘာလ၌   စတင်ခဲ့သည့်   ပဋိပက္ခကြောင့် သေဆုံးသူအရေအတွက် ၅၇၄၁၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း   ကျန်းမာရေး အာဏာပိုင်များက ပြောသည်။                  

အင်န်အိတ်ချ်ကေ