ဂျေရုဆလင် ဒီဇင်ဘာ ၂၃

 

ဂါဇာဒေသ အလယ်ပိုင်းရှိ နျူဆာရတ် ဒုက္ခသည်စခန်းအား အစ္စရေးတပ်မတော်က တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ ၏ မီဒီယာဆိုင်ရာရုံးက ယနေ့ ပြောကြားသည်။

 

အစ္စရေးတပ်မတော်၏ ၎င်းတိုက်ခိုက်မှုသည် ကြမ်းကြုတ်ရက်စက်သည့် ရာဇဝတ်မှုဖြစ်ကြောင်းနှင့် တိုက်ခိုက်ရာတွင် မြေတူးစက်များ၊ ဒရုန်းများ၊ တင့်ကားများ အသုံးပြု၍ အစ္စရေးတပ်ဖွဲ့ဝင်များက စခန်းကို စီးနင်း တိုက်ခိုက်ခဲ့သည်ဟု အဆိုပါရုံးက ထပ်လောင်းပြောကြားသည်။ ယင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးများနှင့် ကလေးများ အများအပြား သေဆုံးခဲ့သည်။

 

ယခု တိုက်ခိုက်မှုအတွက် အစ္စရေးတပ်မတော်နှင့် အမေရိကန်အစိုးရတွင် တာဝန်ရှိကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဂါဇာဒေသခံများအား ကာကွယ်ရေးအတွက် ဝင်ရောက်ဖျန်ဖြေ ဆောင်ရွက်ပေးရန် ၎င်းရုံးက ပန်ကြားခဲ့သည်။ ဒေသတွင်းရှိ ဆေးရုံများနှင့် စာသင်ကျောင်းများ တိုက်ခိုက်ခံရမှု များပြားလာသည့် အတွက် ၎င်းပဋိပက္ခ အဆုံးသတ်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ ကတောင်းဆိုခဲ့သည်။

 

ဂါဇာဒေသတွင် လက်ရှိအချိန် အထိ ပါလက်စတိုင်းဒေသခံ ၄၅၃၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ