ဂျေရုဆလင် မတ် ၂

 

ဂါဇာဒေသအား ပင်လယ်ကမ်းခြေ အပန်းဖြေဟိုတယ်တစ်ခု အသွင်ပြောင်းလဲရန် အမေရိကန် သမ္မတထရမ့်၏ စိတ်ကူးကို ရုပ်သံဖိုင်ဖြင့် ထုတ်လွှတ်ခဲ့ခြင်းအပေါ် ဟားမတ်စ်အဖွဲ့က ရှုတ်ချလိုက်ပြီး ၎င်းဆောင်ရွက်ချက်သည် ပါလက်စတိုင်းဒေသခံများ၏ အခွင့်အရေးနှင့် ယဉ်ကျေးမှုပြယုဂ်များကို လျစ်လျူရှုသည့် ဆောင်ရွက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

ထရမ့်၏စိတ်ကူးသည် အစ္စရေးတပ်မတော်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဂါဇာဒေသခံများ ခံစားနေရသည့် အခက်အခဲများကို လျစ်လျူရှုရာရောက်ကြောင်း ဟားမတ်စ်အဖွဲ့ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဗေဆန်အန်အိန်းက ပြောကြားသည်။ ထရမ့်၏ ဆောင်ရွက်ချက်သည် ပါလက်စတိုင်းဒေသခံများ၏ ယဉ်ကျေးမှုနှင့် ရပိုင်ခွင့်များကို လျစ်လျူရှုရာရောက်ကြောင်း ၎င်းက ပြောကြားသည်။

 

ဂါဇာဒေသမှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာရေးနှင့် ဂါဇာဒေသတွင် လွတ်လပ်သည့် ပါလက်စတိုင်း နိုင်ငံ တည်ထောင်ရေးတို့ကို မိမိတို့လိုလားသည်ဟု အန်အိန်းကပြောကြားသည်။ ဂါဇာဒေသတွင် ထိခိုက်ခံစားရမှုများ လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ဆောင်ရွက်မည့် မည်သည့် အဖွဲ့အစည်းနှင့်မဆို မိမိတို့ ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။

 

ထို့ပြင် ပါလက်စတိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအခွင့်အရေးများ ရရှိရေး အတွက်လည်း မိမိတို့ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။ ဂါဇာဒေသအား ပင်လယ်ကမ်းခြေ အပန်းဖြေဟိုတယ် တစ်ခုအနေဖြင့် ၎င်း၏ ရွှေရုပ်တုဖြင့် ရိုက်ကူးထားသည့် ဉာဏ်ရည်တုနည်း ပညာရုပ်သံဖိုင်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ထရမ့်က ထုတ်လွှင့်ပြသခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ