ဂါဇာဒေသကို အစ္စရေးစစ်လေယာဉ်များ တိုက်ခိုက်

ဂျေရုဆလင် ၂၇ ဩဂုတ် 


အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးစစ်လေယာဉ်များက ဂါဇာကမ်းမြောင် ဒေသကို အုပ်ချုပ်နေသည့် ဟားမားစ် လှုပ်ရှားမှုအဖွဲ့ကို တနင်္လာနေ့စောစောပိုင်းက တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံ တောင်ပိုင်းအတွင်းသို့ ရော့ကတ်ဒုံးကျည် သုံးစင်း တနင်္ဂနွေနေ့ညက ပစ်ခတ်ခဲ့သည်ဟု အစ္စရေးတပ်မတော်က ပြောကြားသည်။ အစ္စရေးနိုင်ငံအတွင်းသို့ ဂါဇာကမ်းမြောင် ဒေသမှ ဒုံးကျည်သုံးစင်း ပစ်ခတ်ခဲ့သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ဒုံးကျည်နှစ်စင်းကို Iron Dome လေကြောင်းကာကွယ်ရေး စနစ်ဖြင့် ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။


လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်း မြောင်ဒေသမြောက်ပိုင်းရှိ ဟားမားစ် တပ်ရင်းမှူးတစ်ဦး၏ ရုံးခန်းအပါအဝင် ဟားမားစ် ခြံဝင်းအတွင်းရှိ ပစ်မှတ်များကို အစ္စရေးလေတပ်မှ တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပါလက်စတိုင်းလုံခြုံရေး သတင်းအရင်းအမြစ်များက အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးဒဏ်ရာ ရသူမရှိဟု ဆိုသည်။


အစ္စရေးအာဏာပိုင်များက ဂါဇာကမ်း မြောင်ဒေသရှိ အဓိက လျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ လောင်စာဆီပို့လွှတ်မှုကို ဒဏ်ခတ် သည့်အနေဖြင့် လျှော့ချမည်ဟုလည်း ကြေညာခဲ့သည်။ အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာန၏ ဌာနတစ်ခုဖြစ်သည့် COGAT ၏ သီးခြားထုတ်ပြန်ချက်တွင် ယခုလောင်စာဆီဖြတ်တောက်မှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကိုယ်တိုင် ညွှန်ကြားခဲ့သည်ဟု ဖော်ပြထားသည်။


ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဂါဇာကမ်းမြောင်ဒေသရှိ ဓာတ်အားပေး စက်ရုံသို့ နယ်စပ်ဖြတ်ကျော်၍ လောင်စာဆီ ပို့လွှတ်မှုကို တနင်္လာနေ့မှစ၍ ထပ်မံအသိပေး အကြောင်းမကြားမချင်း ထက်ဝက်လျှော့ချ ဖြတ်တောက်ရန် အမိန့်ပေးခဲ့သည်ဟု ဖော်ပြသည်။ လောင်စာဆီဖြန့်ဝေမှုကို ကုလသမဂ္ဂနှင့် ပူးတွဲဆောင်ရွက်ခြင်းဖြစ်ပြီး ကုန်ကျစရိတ်ကို ကာတာနိုင်ငံက ကျခံခြင်းဖြစ်သည်။


ကုလသမဂ္ဂ၏ အဆိုအရဂါဇာကမ်းမြောင် ဒေသတွင် လျှပ်စစ်မီးရရှိမှုတိုးတက်ခဲ့ပြီး အစ္စရေး၏ ယခုလောင်စာဆီဖြတ်တောက်မှု မတိုင်မီက ဂါဇာဒေသခံများသည် လျှပ်စစ်မီး တစ်နေ့ ၁၂ နာရီခန့်ရရှိသည်။


အစ္စရေးနှင့် ဂါဇာဒေသရှိ ပါလက်စတိုင်း စစ်သွေးကြွများသည် ၂၀ဝ၈ ခုနှစ်မှစ၍ စစ်ပွဲသုံးကြိမ် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။


ကိုးကား-အေအက်ဖ်ပီ 
ဘာသာပြန်-အောင်ဇော်လင်း