အောက်တိုဘာ ၃၀
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဟားမတ်စ်တို့ချိုးဖောက်သည်ဟု အစ္စရေးက စွပ်စွဲကာ ဂါဇာတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုနယ်မြေရှိ ကျန်းမာရေးအာဏာပိုင်များက လူ ၁၀၀ ကျော်သေဆုံးကြောင်း ပြောကြားသည်။
အဆိုပါသဘောတူညီချက်နှင့်အညီ ဂါဇာတွင် ဖမ်းဆီးထားသော သေဆုံးသူဓားစာခံများ၏ ရုပ်ကြွင်းများကို လွှဲပြောင်းပေးအပ်နေစဉ် ယင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ်ရုံးက ဟားမတ်စ်မှ ယခင်နေ့က ပေးအပ်ခဲ့သော ရုပ်ကြွင်းများသည် ကျန်ရှိနေသော ဓားစာခံများ၏ ရုပ်ကြွင်းများ မဟုတ်ကြောင်း အောက်တိုဘာ ၂၈ ရက်ကပြောကြားခဲ့ပြီး ထိုလွှဲပြောင်းပေးအပ်မှုသည် သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့နောက် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ပါလက်စတိုင်းမီဒီယာများက ဂါဇာတစ်ဝန်းတွင် ယမန်နေ့ကအထိတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ မီဒီယာများက ဂါဇာအလယ်ပိုင်းရှိ နူဆီရတ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများနှင့် အမျိုးသမီးများ အပါအဝင် ၁၈ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ မြောက်ပိုင်း ဂါဇာစီးတီးရှိ အဆောက်အအုံတစ်လုံး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူခုနစ်ဦး သေဆုံးခဲ့ကြောင်းလည်း မီဒီယာများက ဖော်ပြခဲ့သည်။
ဂါဇာကျန်းမာရေးအာဏာပိုင်များက ထိုနယ်မြေတွင် လူ ၁၀၄ ဦး သေဆုံးပြီး ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးက ယင်းတိုက်ခိုက်မှုများအပြီးတွင် ဟားမတ်စ်ပစ်မှတ်များစွာနှင့် အခြားပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး ချိုးဖောက်မှုတစ်စုံတစ်ရာကို ခိုင်မာစွာတုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။ ဟားမတ်စ်က ထိုတိုက်ခိုက်မှုများသည် သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုကာ ပြစ်တင်ရှုတ်ချခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


