ဇန်နဝါရီ ၁၄
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏ဆက်လက်တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူ ၄၆၅၈၄ ဦး အထိရှိလာကြောင်း ဂါဇာအခြေစိုက်ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကပြောသည်။
အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့က ပါလက်စတိုင်း ၄၅ ဦးထက်မနည်း သေဆုံးကြောင်း ဂါဇာအရပ်ဘက်ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မာရှ်မိုဘာဆဲလ်က ပြောကြားသည်။
ဂါဇာမြို့၏အရှေ့ဘက် ဆာလာအယ်ဒင်စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ဒါဇင်နှင့်ချီရှိသည်ဟု ဘာဆဲလ်ကဆိုသည်။ အခြားတိုက်ခိုက်ခံရမှုတစ်ခုတွင် ကလေးများအပါအဝင် လူ ၃၀ သေဆုံးခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။
ဂါဇာဒေသမြောက်ပိုင်း ဂျာဘာလီရာဒေသတွင်လည်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ငါးဦးသေဆုံးပြီး အခြား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အနက် အချို့မှာအခြေအနေစိုးရိမ်ရသည်ဟု ၎င်းကဆိုသည်။
ဂါဇာဒေသတောင်ပိုင်း ခန်ယွန်နစ်တွင် အစ္စရေးဒရုန်းဖြင့်မော်တော်ဆိုင်ကယ်တစ်စီးကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကထပ်လောင်းပြောသည်။ ဂါဇာတောင်ပိုင်း ရာဖာ၏မြောက်ဘက်တွင် အရပ်သားကားတစ်စီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူလေးဦး၏အလောင်းများကို အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်ဟုသိရသည်။
ဂါဇာဒေသတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ ဟားမတ်စ်အဖွဲ့က စတင်တိုက်ခိုက်မှုကြောင့် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို