ဂါဇာ၊ နိုဝင်ဘာ ၆

 

အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သော ဟားမတ်စ်-အစ္စရေး ပဋိပက္ခကြောင့် ဂါဇာဒေသ၌ သေဆုံးသော ပါလက်စတိုင်း နိုင်ငံသားအရေအတွက်သည် ၁၀၀၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ဂါဇာဒေသရှိ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားသည်။

 

ဟားမတ်စ်-အစ္စရေးပဋိပက္ခကြောင့် ကလေးငယ် ၄၁၀၄ ဦးနှင့်  အမျိုးသမီး ၂၆၄၁ ဦးအပါအဝင် သေဆုံးသူအရေအတွက် ၁၀၀၂၂ ဦးရှိသွားပြီ ဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူအရေအတွက်သည်လည်း ၂၅၄၀၈ ဦးအထိ ရှိလာကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ် အယ်လ်ကူဒရာက ဂါဇာစီးတီး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်နာရီပိုင်းအတွင်းက အစ္စရေးစစ်ဘက်၏ တိုက်ခိုက်မှုကြောင့် ၂၅၂ ဦးသေဆုံးခဲ့ကြောင်း လည်း အယ်လ်ကူဒရာက ဆက်လက်ပြောကြားသည်။

 

လူပေါင်း ၁၄၀၀ ကျော်သေဆုံး

 

အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သော ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်ခြမ်းတွင်လည်း လူပေါင်း ၁၄၀၀ ကျော်သေဆုံးခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် ဟားမတ်စ်နှင့် အစ္စရေးအကြား ပဋိပက္ခသည် ဆက်လက်ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်