ဖေဖော်ဝါရီ ၁၀
ယနေ့သည် ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးအသက်ဝင်ပြီး လေးလပြည့်မြောက်သည့်နေ့ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် လာမည့်သီတင်းပတ်အစောပိုင်းတွင် ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ပထမဆုံးအစည်းအဝေးကို ကျင်းပရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။
အစ္စရေးနှင့် ဟားမတ်စ်တို့သည် နှစ်နှစ်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် အမေရိကန်ဦးဆောင်သော အပစ်အခတ်ရပ်စဲရေးကို ပြီးခဲ့သည့်အောက်တိုဘာလတွင် သဘောတူညီခဲ့ကြသည်။ ဝါရှင်တန်က ၎င်း၏ ငြိမ်းချမ်းရေးအစီအစဉ်၏ ဒုတိယအဆင့်ကို စတင်ကြောင်း ကြေညာပြီးနောက် အီဂျစ်နှင့် ရာဖာနယ်စပ်ဂိတ်ကို ယခုလတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ သမ္မတဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် အာရပ်နိုင်ငံများနှင့် အခြားအဖွဲ့ဝင်များ တက်ရောက်ဖွယ်ရှိသည့် ထိုဘုတ်အဖွဲ့ကို ခေါ်ယူရန် စီစဉ်ထားသည်ဟုသိရသည်။
ပြန်လည်တည်ဆောက်ရေးအတွက် ရန်ပုံငွေရှာဖွေခြင်းသည် ယင်းအစီအစဉ်တွင် ပါဝင်သော်လည်း ကုန်ကျစရိတ် အလွန်များပြားမည်ဟု ယူဆရသည်။ ကုလသမဂ္ဂက ဒေါ်လာ ၇၀ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
ဂါဇာဒေသရှိ လူအများအပြားသည် ၎င်းတို့၏ရပ်ကွက်များ ပျက်စီးသွားသဖြင့် တဲများတွင် နေထိုင်နေကြဆဲဖြစ်သည်။ အစ္စရေးကလည်း ဟားမတ်စ်၏ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများကြောင့် ရံဖန်ရံခါ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အပစ်အခတ်ရပ်စဲရေးစတင်ပြီး လေးလအတွင်း လူပေါင်း ၅၈၁ ဦး သေဆုံးခဲ့သည်ဟု ဂါဇာဒေသရှိ ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


