ဂျေရုဆလင် မေ ၁၉

အစ္စရေးအနေဖြင့် ဂါဇာဒေသတစ်ခုလုံးအား သိမ်းပိုက်ထိန်းချုပ်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မေ ၁၉ ရက်တွင် ပြောကြားသည်။

ပြောကြား

အစ္စရေးတပ်မတော်သည် မကြာမီက စစ်ဆင်ရေးများ အများအပြားဆောင်ရွက် နေခြင်းနှင့်စပ်လျဉ်း၍ ပြောကြားစဉ် ၎င်းကအထက်ပါအတိုင်း ဖြည့်စွက် ပြောကြားခြင်းဖြစ်သည်။ 
အစ္စရေးတပ်မတော်သည် ဂါဇာဒေသတစ်ခုလုံးအား ထိန်းချုပ်သိမ်းပိုက်ရေးကို ဆောင်ရွက်မည်ဖြစ်ပြီး ဒေသတွင်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အကန့်အသတ်ဖြင့် အချိန်ကာလ အတိုင်းအတာတစ်ခုသာဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် ဂါဇာဒေသအတွင်းသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဝင်ခွင့်ပြုမည်ဆိုသည့်အချက်ကို ပြောကြား ခြင်းမရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဂါဇာဒေသအတွင်း၌ အစား အသောက်၊ ဆေးဝါးနှင့်လောင်စာများ ဝင်ရောက်ခွင့် ပိတ်ပင်ထားခြင်းကြောင့် အငတ်ဘေးဆိုက်နိုင်ကြောင်း တာဝန်ရှိ သူများက ပြောကြားသည်။ လာမည့်ရက်များတွင် စတင်မည့် အစားအသောက်နှင့် ဆေးဝါးဖြန့်ဖြူးမည့်အစီအစဉ်ကို အစ္စရေး တပ်မတော်တပ်ဖွဲ့များ ထိန်းချုပ်ရာနေရာများတွင် အမေရိကန်ကုမ္ပဏီများ၏ စီစဉ်မှုဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း နေတန်ယာဟုကပြောကြား သည်။ အစ္စရေးတပ်မတော်သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဟားမတ်စ် အဖွဲ့အား ချေမှုန်းရန်နှင့် ဓားစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် Gideon’s Chariots အမည်ရှိ စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်။

ဂါဇာဒေသတွင် အစ္စရေးတပ်မတော်က မြေပြင်စစ်ဆင်ရေးများ ဆောင်ရွက်နေခြင်းကို တူကီယဲနိုင်ငံကရှုတ်ချခဲ့ပြီး ထိုးစစ်ကို ချက်ချင်းရပ်ရန်နှင့် ၎င်းဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လျင်မြန်စွာပေးပို့ရန် တောင်းဆိုခဲ့သည်။

“စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေတဲ့အချိန်မှာ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ပြုလုပ်တဲ့ မြေပြင်စစ်ဆင်ရေးဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ ကြိုးပမ်းမှုအားလုံးကို ပျက်ပြားစေခဲ့ပါ တယ်။ ဒီဆောင်ရွက်ချက်ကို ကြည့်ခြင်း အားဖြင့် အစ္စရေးဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ ရည်ရွယ်ချက်မရှိကြောင်း ပြသနေသည်ဟု တူကီယဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ