ဂျေရုဆလင်၊ ဇူလိုင် ၁
ဂါဇာဒေသတွင် ဟားမတ်စ်အဖွဲ့အား ချေမှုန်းရေးအပြင် အစ္စရေး၏ရည်မှန်းချက်များ ပြီးမြောက် အောင်မြင်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်ဟု ယနေ့ အင်န်အိတ်ချ်ကေ သတင်းအရ သိရသည်။
အစ္စရေးတပ်မတော်က ဂါဇာဒေသ၌ စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်ရာတွင် ဒေသခံလေးဦး သေဆုံးပြီး ဒေသအတွင်းရှိ စိုက်ပျိုးမြေများ ပျက်စီးခဲ့ကြောင်းသိရသည်။ ဂါဇာဒေသတွင် ဒေသခံ ၃၇၈၇၇ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။
ဂါဇာမြောက်ပိုင်း ရှီဂျာယာနှင့် တောင်ပိုင်းရှိရာဖာတို့အပါအဝင် ဂါဇာဒေသတစ်ခုလုံးတွင် အစ္စရေး တပ်မတော်က စစ်ဆင်ရေးများဆင်နွှဲခဲ့ရာ အကြမ်းဖက်သမားအများအပြားကို ချေမှုန်းနိုင်ခဲ့ကြောင်း နေတန်ယာဟုက ထပ်လောင်းပြောကြားသည်။
ဟားမတ်စ်အဖွဲ့အား ချေမှုန်းရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးအပါအဝင် အစ္စရေး၏ ရည်မှန်းချက်များ ပြီးမြောက်အောင်မြင်သည်အထိ တိုက်ခိုက်သွားမည်ဟု နေတန်ယာဟုက မှတ်ချက်ပြုပြောကြားသည်။ ပြီးခဲ့သည့်သီတင်းပတ်များအတွင်းက အစ္စရေးတပ်မတော်နှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့တို့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊
ဘာသာပြန် - စိုးသူရ