နိုဝင်ဘာ ၂၂

ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက်ကစတင်ခဲ့သော အစ္စရေး-ဟားမတ်စ် ပဋိပက္ခဖြစ်ပွားမှုအတွင်း ပါလက်စတိုင်းနိုင်ငံသား သေဆုံးမှု ၁၄၀၀၀ ကျော်ရှိလာကြောင်း ဟားမတ်စ်အစိုးရမီဒီယာရုံးက ယမန်နေ့က ပြောကြားသည်။

အဆိုပါပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးသူများတွင် အမျိုးသမီး ၃၉၂၀ နှင့် ကလေးဦးရေ ၅၈၄၀ ပါဝင်ကြောင်းနှင့် အခြား ၃၃၀၀၀ ကျော် ဒဏ်ရာရရှိကြောင်း ထိုမီဒီယာရုံး၏ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

အစ္စရေးတို့တိုက်ခိုက်သဖြင့် ပျက်စီးသွားသော အဆောက်အဦအပျက်များအောက်တွင် အမျိုးသမီးနှင့် ကလေးဦးရေ ၄၅၀၀ အပါအဝင် ပျောက်ဆုံးနေသူ ၆၈၀၀ ကျော်ရှိသည်ဟု ၎င်းကဆိုသည်။

အောက်တိုဘာလ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟားမတ်စ်စစ်သွေးကြွများက တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးနိုင်ငံသား ၁၂၀၀ ခန့်သေဆုံးခဲ့ပြီး  ဓားစာခံ ၂၀၀ ကျော်ကို ခေါ်ဆောင်သွားသောကြောင့် အစ္စရေးတို့က ဂါဇာဒေသကို တုံ့ပြန်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို