ဂျေရုဆလင်   ဖေဖော်ဝါရီ   ၅

ဂါဇာဒေသတွင်ကူညီကယ်ဆယ်ရေးနှင့်  အထွေထွေကိစ္စရပ်များ  စီမံခန့်ခွဲဆောင်ရွက်ရန်အတွက်  လုပ်ငန်းကော်မတီ တစ်ရပ်ကို ပါလက်စတိုင်း သမ္မတမာမွတ် အဘတ်၏  ညွှန်ကြားချက်ဖြင့်  ဖွဲ့စည်း မည်ဖြစ်ကြောင်း  ပါလက်စတိုင်းဝန်ကြီးချုပ်  မိုဟာမက်မူစတာဖာက  ယမန်နေ့တွင် ပြောကြား သည်။

ယခုဆောင်ရွက်ချက်သည် ပါလက်စတိုင်းသားများ သွေးစည်းညီညွတ်ရေးအတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်    မူစတာဖာက ရာမာလာမြို့တွင် ကျင်းပသည့် ပါလက် စတိုင်း အစိုးရအဖွဲ့အစည်းအဝေးတွင် မှတ်ချက်ပြုပြောကြားသည်။ ယခုဖွဲ့စည်းမည့် ကော်မတီသည်  ဂါဇာဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပိုမိုရောက်ရှိရေး၊ သယ်ယူ ပို့ဆောင်ရေးအတွက် ဒေသအတွင်းရှိ လမ်းများပြန်လည်ဖွင့်လှစ်ရေးနှင့် ဒေသခံများအတွက် ခိုလှုံရန်   ယာယီအဆောက်အအုံများ တည်ဆောက်ရေးတို့ကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် မည်ဖြစ်သည်။

 ပါလက်စတိုင်းအစိုးရအနေဖြင့် ဒေသခံများအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့် ရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး အပါအဝင်  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းနှင့်  ပညာရေးလုပ်ငန်းများကို အမြန်ဆုံး ပြန်လည်လုပ်ငန်းဆောင်ရွက် နိုင်ရေး  ကြိုးပမ်းသွားမည်ဟု ဝန်ကြီးချုပ် မူစတာဖာက   ပြောကြားသည်။  ဂါဇာဒေသခံများသည် တစ်နှစ်ကျော်မျှ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခြင်းဒဏ်ကို  ခံစားခဲ့ရသည့်အတွက် ၎င်းတို့အား ထောက်ပံ့ကူညီရေးသည် အမျိုးသားရေးတာဝန်ဖြစ်ကြောင်း ဝန်ကြီးချုပ် မူစတာဖာက မှတ်ချက်ပြုပြောကြားသည်။

ဂါဇာဒေသတွင်  အစ္စရေး၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသ၏ အခြေခံအဆောက်အအုံနှင့် စီးပွားရေးကဏ္ဍများတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကန်ဒေါ်လာ ၅၀ ဘီလီယံကျော်ရှိခဲ့ကြောင်း သိရ သည်။ ဂါဇာဒေသ  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အီဂျစ်နိုင်ငံနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မည်ဟု ပါလက်စတိုင်းဝန်ကြီးချုပ်က ပြောကြားသည်။ 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ