ဂါဇာ ဒီဇင်ဘာ ၂၈
ဂါဇာဒေသတွင် လစဉ်ကလေးမွေးဖွားနှုန်း ၄၀ ရာခိုင်နှုန်းခန့်ကျဆင်းနေပြီး ယင်းကဲ့သို့ ကျဆင်းရခြင်းမှာ မိခင်များ အာဟာရချို့တဲ့ခြင်းနှင့် ဆေးဝါးကုသရေးလုပ်ငန်းများရပ်ဆိုင်းခြင်းကြောင့် ဖြစ်ကြောင်း တာဝန်ရှိသူများက သတိပေးပြောကြားသည်။
အစ္စရေးကတိုက်ခိုက်နေခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။
လစဉ် ကလေးမွေးဖွားနှုန်းသည် ၁၇၀၀၀ သာရှိပြီး အဆိုပါပမာဏသည် ယမန်နှစ်က အရေအတွက် ၂၆၀၀၀ ထက် လျော့နည်းလာခဲ့ကြောင်း ဂါဇာဒေသ ကျန်းမာရေးတာဝန်ရှိသူ မူနီအယ်လ်ဗတ်က ပြောသည်။ မိခင်များတွင် အာဟာရချို့တဲ့ ခြင်းဖြစ်ပွားရာမှ မွေးကင်းစကလေး ကိုယ်အလေးချိန်လျော့ကျခြင်းနှင့် သေဆုံးခြင်းတို့ဖြစ်လာရပြီး ကလေးမွေးဖွားနှုန်းကို ကျဆင်းစေခဲ့ကြောင်း ၎င်းက ပြောသည်။ အစ္စရေးအနေဖြင့် ကလေးများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ကို ဂါဇာဒေသသို့ တင်သွင်းခွင့် ကန့်သတ်ခြင်းနှင့် ဆေးဝါးပစ္စည်းများကို ဝင်ရောက်ခွင့်ကန့်သတ်ခြင်းကြောင့် အခက်အခဲများ ပိုမိုများပြားလာကြောင်း ၎င်းကပြောကြားသည်။ အစ္စရေးက ဂါဇာဒေသတွင် ဆောင်ရွက်နေသည့် စစ်ဆင်ရေးများကြောင့် ဆေးကုသရေးအခြေခံ အဆောက်အအုံများကို ထိခိုက်စေကြောင်း ၎င်းက ပြောသည်။ ယခုနှစ်အောက်တိုဘာ ၁၀ ရက်တွင်ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် အစ္စရေးသည် ၎င်းသဘောတူညီချက်ကို ချိုးဖောက်မှု ၉၆၉ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ မီဒီယာရုံးကပြောသည်။ တစ်နေ့လျှင် ဒေသတွင်းသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ် ၁၉၇၆၄ စီးကိုသာ ဝင်ရောက်ခွင့်ပြုခဲ့ပြီး ၎င်းအရေအတွက်သည် မူလသဘောတူညီချက်အရ ဝင်ရောက်ခွင့်ပြုမည့် အရေအတွက်ထက်နည်းကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


