ဂျေရုဆလင် မေ ၂၈
ဂါဇာဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဝင်ရောက်နိုင်ရေးတို့အတွက် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီရန်တိုနှင့် ပြင်သစ်သမ္မတမက်ခရွန်တို့ က မေ ၂၈ရက်တွင် ပန်ကြားခဲ့ကြောင်း သိရသည်။
ပြင်သစ်သမ္မတမက်ခရွန်သည် အင်ဒိုနီးရှားနိုင်ငံ သို့ အလည်အပတ်ခရီးရောက်ရှိနေပြီး ၎င်းအား သမ္မတနန်းတော်တွင် အင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆူဘီရန်တိုက လက်ခံတွေ့ဆုံကာ ကဏ္ဍအများ အပြားတွင် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ နိုင်ငံတကာဥပဒေကို သက်ဆိုင်ရာအဖွဲ့အစည်းများ လိုက်နာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မိမိတို့ အကြားသဘောတူညီခဲ့ကြောင်း အစ္စရေး-ပါလက် စတိုင်းပဋိပက္ခကို ရည်ညွှန်း၍ သမ္မတပရာဘိုဝိုက ပြောကြားသည်။ ပါလက်စတိုင်အား အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် အင်ဒိုနီးရှားနှင့် ပြင်သစ်အကြား ပူးပေါင်းဆောင်ရွက်ရေး ကတိကဝတ်ကို ခေါင်းဆောင်များအကြား သဘောတူခဲ့ကြောင်း ၎င်းက ပြောကြားသည်။
နှစ်ပြည်ထောင်ဖြေရှင်းချက်ဖြင့်သာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရရှိမည်ဟု အင်ဒိုနီးရှား ကယုံကြည်ကြောင်း ၎င်းကပြောကြားသည်။ အစ္စရေးက ပါလက်စတိုင်း၏ လွတ်လပ်ရေးကို အသိအမှတ်ပြုမှသာ အစ္စရေး၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အင်ဒိုနီးရှားကအသိအမှတ်ပြုမည်ဖြစ်ပြီး သံတမန်ဆက်ဆံရေးကို ထူထောင်မည်ဟု ၎င်းက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ