ဇန်နဝါရီ ၁

အစ္စရေးနှင့် ဟားမတ်စ်တို့ အောက်တိုဘာ ၇ ကစတင်ကာ ပဋိပက္ခဖြစ်ပွားမှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းနိုင်ငံသား သေဆုံးမှု ၂၁၈၂၂ ဦး အထိရှိလာပြီး ၅၆၄၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာဒေသရှိ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း လူ ၁၅၀ သေဆုံးပြီး ၂၈၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှရက်အယ်ကီဒရာက ဆိုသည်။

အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက အစ္စရေးတပ်ဖွဲ့များက ဂါဇာတွင် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်းနှင့် ပါလက်စတိုင်းအခြေခံအဆောက်အဦများပျက်စီးခဲ့ပြီး စစ်သွေးကြွ ၁၄ ဦး သေဆုံးကြောင်း ပြောကြားသည်။

အစ္စရေးနိုင်ငံတောင်ပိုင်းတွင် အောက်တိုဘာ ၇ ရက်က လူ ၁၂၀၀ ခန့်သေဆုံးပြီး ၂၀၀ ကျော် ဓားစာခံအဖြစ်ဖမ်းဆီးသွားသော ဟားမတ်စ်တို့၏လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် ကြီးမားသောထိုးစစ်ဆင်မှုကို အစ္စရေးတို့က ပြုလုပ်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို