ဘဂ္ဂဒက် မေ ၁၈
ဂါဇာဒေသတွင် တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် ဂါဇာဒေသမှ ပါလက်စတိုင်းများအား အင်အားသုံး ရွှေ့ပြောင်းမည့်ကိစ္စကို လက်မခံကြောင်း အာရပ်နိုင်ငံများမှ ခေါင်းဆောင်များက မေ ၁၇ ရက်တွင် ပြောကြားသည်။
အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်တွင် ကျင်းပသည့် (၃၄)ကြိမ်မြောက် အာရပ်အဖွဲ့ချုပ် ထိပ်သီး ဆွေးနွေးပွဲတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် အာရပ်နိုင်ငံ ၂၂ နိုင်ငံမှ ခေါင်းဆောင်များက အထက်ပါ အချက်များကို ထည့်သွင်း ကြေညာခဲ့ခြင်းဖြစ် သည်။ ဂါဇာဒေသတွင် ဖြစ်ပွား နေသည့် လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးပြီးစီးစေရေးနှင့် ဂါဇာဒေသသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဝင်ရောက်ခွင့်ပြုရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။
ဂါဇာဒေသမှ ပါလက်စတိုင်းများအား အင်အားသုံး၍ ရွှေ့ပြောင်းစေခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အာရပ်နိုင်ငံများမှ ခေါင်းဆောင်များက ပြောကြားသည်။
ထို့ပြင် ဂါဇာဒေသ ပြန်လည် တည်ထောင်ရေးအတွက် နိုင်ငံရေး၊ ငွေကြေးနှင့် ဥပဒေစည်းမျဉ်း များဖြင့် ပံ့ပိုးပေးကြရန် ကမ္ဘာ့နိုင်ငံများအား တောင်းဆိုခဲ့ပြီး ဂါဇာဒေသ ပြန်လည်တည်ထောင်ရေးရန်ပုံငွေသတ်မှတ်ခဲ့သည့် အီရတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း အာရပ်နိုင်ငံများမှ ခေါင်းဆောင်များက ပြောကြားသည်။ ပါလက်စတိုင်းများ၏ ရပိုင်ခွင့်များကို အသိအမှတ်ပြုကြောင်းနှင့် အစ္စရေး၏ ပါလက်စတိုင်းများအပေါ် အနိုင်ယူနေသည့် ဆောင်ရွက်ချက် များကို ရှုတ်ချကြောင်း ၎င်းတို့က ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်နှင့် နှစ်ပြည်ထောင် ဖြေရှင်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အာရပ်ခေါင်းဆောင်များက ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်အား တောင်းဆိုခဲ့သည်။ ထို့ပြင် အာရပ်နိုင်ငံများတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း ၎င်းတို့ကပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ