ဖေဖော်ဝါရီ ၅
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ကလေးများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦး အပါအဝင် ၂၄ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းမီဒီယာများက ဖော်ပြထားသည်။
အစ္စရေး၏ တိုက်ခိုက်မှုများအနက် တစ်ခုသည် ခန်ယွန်းနစ်ဒေသရှိ အိုးမဲ့အိမ်မဲ့ပြည်သူများကို ခိုလှုံခွင့်ပေးသည့် တဲများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်များကို ကိုးကားကာဖော်ပြခဲ့သည်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် အစ္စလာမ်မစ်အဖွဲ့ ဟားမတ်စ်ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း အစ္စရေးကထိုနေ့မှာပင် ပြောကြားခဲ့သည်။ ဟားမတ်စ်စစ်သွေးကြွများသည် ဂါဇာမြောက်ပိုင်းရှိ အစ္စရေးတပ်များကို ပစ်ခတ်ခဲ့ပြီး အရန်အရာရှိတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟားမတ်စ် အကြား အပစ်အခတ်ရပ်စဲရေးသည် ငြိမ်းချမ်းရေးအစီအစဉ်၏ ပထမအဆင့်အဖြစ် ပြီးခဲ့သည့် အောက်တိုဘာလက အသက်ဝင်ခဲ့သော်လည်း အစ္စရေးသည် ဟားမတ်စ်အား သဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲကာ ရံဖန်ရံခါ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေး စတင်ကတည်းက သေဆုံးသူအရေအတွက်မှာ ၅၅၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။
ဟားမတ်စ်က လက်ရှိ အစ္စရေး၏တိုက်ခိုက်မှုများသည် အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန်ကြိုးပမ်းမှုများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း ဖြစ်ကြောင်း ကြေညာချက်တစ်စောင်တွင် ပြောကြားပြီး တိုက်ခိုက်မှုများကို ရပ်တန့်ရန် နိုင်ငံတကာကဖိအားပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
အီဂျစ်နှင့်ထိစပ်နေသောရာဖာနယ်စပ်ဂိတ်ကို ယခုသီတင်းပတ်အစောပိုင်းတွင် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဂါဇာငြိမ်းချမ်းရေးအစီအစဉ်တွင် တိုးတက်မှုအချို့ရှိခဲ့သော်လည်း အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသဖြင့် သေဆုံးသူအရေအတွက် မြင့်တက်လာကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


