ဂါဇာ၏အကြီးဆုံးအယ်ရှီဖာဆေးရုံမှ တပ်ဖွဲ့များ အစ္စရေး ရုပ်သိမ်း

ဂျေရုဆလင်၊ ဧပြီ ၂

ဂါဇာကမ်းမြောင်ရှိ   အယ်ရှီဖာဆေးရုံမှ  အစ္စရေး တပ်ဖွဲ့များကို   ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း   ဧပြီ  ၁ ရက်တွင် အစ္စရေးစစ်ဘက်က ထုတ်ပြန်ကြေညာခဲ့သည်။ အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်၏  အကြီးဆုံး ဆေးဘက်ဆိုင်ရာ စင်တာကို ရက်သတ္တနှစ်ပတ်ကြာ ဝင်ရောက်စီးနင်းမှုကိုအဆုံးသတ်လိုက်ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်မြောက်ပိုင်းတွင် တည်ရှိပြီး လူနာထောင်ပေါင်းများစွာနှင့် အိုးအိမ်မဲ့ ပါလက်စတိုင်းတို့၏ ခိုလှုံရာဖြစ်လာသော အဆိုပါဆေးရုံကြီးကို ပစ်မှတ်ထားကာ အစ္စရေးတို့က တင့်ကားများနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်အက်ဟာနွန် ဂီဘရီယက်ဆုက ဝင်ရောက်စီးနင်းမှု စတင်ဖြစ်ပွားပြီးနောက်ပိုင်း အယ်ရှီဖာဆေးရုံ၌ လူနာ ၂၁ ဦးထက်မနည်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြောသည်။ ဆေးရုံအနီးတစ်ဝိုက်တွင် စစ်ရေးဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ၎င်းက ရေးသားဖော်ပြထားသည်။

ထို့အပြင် ကလေးငယ်လေးဦးနှင့် အရေးကြီး လူနာ ၂၈ ဦးအပါအဝင် လူနာ ၁၀၇ ဦးထက်မနည်းမှာ ဆေးရုံအတွင်း ပိတ်မိနေကြောင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိကြောင်းနှင့် အများစုမှာ ရောဂါပိုးကူးစက်ခံနေရပြီး ရေဓာတ်ခန်းခြောက်နေကြောင်း ၎င်းက ဆက်ပြောသည်။  

ဆင်ဟွာ