ဝါရှင်တန် ဖေဖော်ဝါရီ ၁၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဂါဇာကို ဝယ်ယူပိုင်ဆိုင်ရန် ကတိပြုထားကြောင်း ဖေဖော်ဝါရီ ၉ ရက်က အခိုင်အမာပြောကြား လိုက်သည်။ ထို့အပြင် တခြားနိုင်ငံများကိုလည်း စစ်ပွဲကြောင့် ထောင်းထောင်းကြေဖြစ်နေသော ဂါဇာကမ်းမြောင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အရှေ့ အလယ်ပိုင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။
မိမိတို့၏ ဦးဆောင်မှုဖြင့် အရှေ့အလယ်ပိုင်းရှိ တခြားသူများလည်း ဂါဇာကမ်းမြောင်ဒေသ ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်နိုင်ကြောင်း၊ မိမိအနေဖြင့် ဂါဇာကမ်းမြောင်ဒေသကို ဝယ်ယူပိုင်ဆိုင်ရန် ကတိပြုထားကြောင်း၊ ထရမ့်က နယူးအော်လန်းနှင့် လူဝီစီယားနားသို့ အသွား အဲယားဖို့စ်ဝမ်းလေယာဉ်ပေါ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
လွန်ခဲ့သောသီတင်းပတ်တွင် အလည်အပတ်ရောက်ရှိနေသာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့်အတူ ထရမ့်က အိမ်ဖြူတော်၌ ဂါဇာကမ်းမြောင် ဒေသကို ရေရှည်ပိုင်ဆိုင်လိုကြောင်း ပြောကြားခဲ့သည်။
၎င်း၏ အဆိုပြုချက်သည် ဝေဖန်မှုအမြောက်အမြား ရရှိထားသည်။ ထို့အတူ အာရပ်နိုင်ငံ အများစုနှင့် ဥရောပရှိ အမေရိကန် မဟာမိတ်များက ၎င်း၏ အဆိုပြုချက်ကို ဆန့်ကျင်လျက်ရှိသည်။
ဆင်ဟွာ