ဝါရှင်တန် ဇွန် ၅
ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဟန့်အတားမရှိပေးပို့ရေး တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့သည်။
လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်မဟုတ်သည့် အဖွဲ့ဝင် ၁၀ နိုင်ငံက ဇွန် ၄ ရက်တွင် အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို တင်သွင်းခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် အစ္စရေးနှင့် ဟားမားစ်တို့ကြား အမြဲတမ်းအပစ်အခတ်ရပ်စဲရေး၊ ကျန်ရှိနေသေးသည့် ဓားစာခံများ အားလုံးလွှတ်ပေးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးအပ်မှုများ အပြည့်အဝ ပြန်လည် ပေးရေး စသည်တို့ကိုတောင်းဆိုထားသည်။
ဂါဇာရှိ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ဖြေရှင်းရန် ကောင်စီအနေဖြင့် အရေးတကြီး နှင့် ပြတ်ပြတ်သားသားလုပ်ဆောင်ရမည်ဟု ဆလိုဗေးနီးယားနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ် ဆန်မြူရယ် ဇာဘိုဂါက ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ ယာယီအမေရိကန် သံအမတ်ကြီး ဒေါ်ရိုသီရှီးယားက အဆိုပါ ဆုံးဖြတ်ချက်သည် အပစ်အခတ်ရပ်စဲရေးသို့ရောက်ရှိရန် ရည်ရွယ်သည့် သံတမန်ရေးရာ ကြိုးပမ်းမှုများကို ပျက်ပြား စေပြီး ဟားမားစ်တို့ကို မသင့်လျော်သည့်အကျိုးအမြတ်များ ပေးဆောင်သကဲ့သို့ဖြစ်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ ဦးထဲတွင် ၁၄ ဦး သည် အဆိုပါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ကြ သည်။ ယခုလို လုပ်ဆောင်ခြင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရာထူးရယူပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက ပထမဆုံးအကြိမ်အဖြစ် ဗီတိုအာဏာကို သုံးစွဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆုံးဖြတ်ချက်ကို ဆန့်ကျင်မဲပေးခဲ့သည့် အတွက် အမေရိကန်ပြည်ထောင်စုကို နိုင်ငံအများ အပြားက ရှုတ်ချခဲ့သည်။ အမေရိကန်၏ လုပ်ဆောင်ချက်သည် ငတ်မွတ်နေသည့် ပါလက်စတိုင်း နှစ်သန်းကျော်၏ အသက်များကို အန္တရာယ်ဖြစ်စေလိမ့်မည်ဟု သူတို့က ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ