ဂါဇာ  ဇွန်  ၂

နှစ်ဖက်အဖွဲ့များအကြား  ဆွေးနွေးမှုများ   နှောင့်နှေးကြန့်ကြာနေချိန်တွင် အစ္စလာမ္မစ်အုပ်စု ဟားမားစ်တို့က   ဂါဇာကမ်းမြောင်ဒေသ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက်  အစ္စရေးနှင့် သွယ်ဝိုက်သောနည်းဖြင့်    ဆွေးနွေးညှိနှိုင်းမှု  ချက်ချင်းပြုလုပ်ရန် ဆန္ဒထက်သန်လျက်ရှိကြောင်း ကြေညာခဲ့သည်။

ဇွန် ၂ ရက်တွင် ဟားမားစ်တို့ ထုတ်ပြန်လိုက်သော ကြေညာချက်တစ်ခုတွင်  ဂါဇာကမ်းမြောင် ဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန်  ကြိုးစားဆောင်ရွက်နေသည့် ကာတာနှင့် အီဂျစ်တို့၏ လုပ်ဆောင်ချက်များကို  ကြိုဆိုကြောင်း ဖော်ပြထားသည်။

သို့သော်လည်း အစ္စရေးနှင့် ဟားမားစ်တို့အကြား  သဘောမတူညီမှုများ  ကျန်ရှိနေသေးပြီး စေ့စပ် ညှိနှိုင်းဆွေးနွေးမှုဖြစ်မည်လား သို့မဟုတ်  မဖြစ်ဘူးလားဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

အမေရိကန်က ရက်  ၆၀ ကြာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို အဆိုပြုထားပြီး အပြန်အလှန်အားဖြင့် ဟားမားစ်တို့က  ဓားစာခံ ၁၀ ဦးကို    လွှတ်ပေးရမည်ဖြစ်သည်။   အဆိုပါအစီအစဉ်ကို    အစ္စရေးက   လက်ခံကြောင်း သိရသည်။

ထို့အတူ ဟားမားစ်တို့ကလည်း ဓားစာခံ ၁၀ ဦးကို လွှတ်ပေးရန် အဆိုပြုခဲ့သည်။ ထို့ပြင် အစ္စရေး တပ်ဖွဲ့ဝင်များ  ဆုတ်ခွာသွားရန်လည်း   တောင်းဆိုထားသည်။

တစ်ချိန်တည်းမှာပင် အစ္စရေးတို့က  ဂါဇာကမ်းမြောင်ဒေသတွင် ပြင်းထန်သည့်တိုက်ခိုက်မှုများကို  ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ ၃၇  ဦးရှိပြီဖြစ်ကြောင်း ဒေသကျန်းမာရေး အာဏာပိုင်များ က ပြောသည်။ 

အင်န်အိတ်ချ်ကေ