ဂျီနီဗာ၊ ဒီဇင်ဘာ ၁၂

 

ဂါဇာကမ်းမြောင်ဒေသ၏ ကျန်းမာရေးစနစ်ပြိုလဲနေပြီဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အကြီးအကဲက မှတ်ချက်ပြု ပြောကြားလိုက်သည်။

 

ဒီဇင်ဘာ ၁၀ ရက်က ကျင်းပသည့် အမှုဆောင်ဘုတ်အဖွဲ့၏ အထူးအစည်းအဝေးတွင် ဂါဇာကမ်းမြောင်ဒေသ၏ ကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့ အက်ဒဟာနွန် ဂီဘရီရက်ဆုစ်က ဤသို့မှတ်ချက်ချခဲ့ခြင်းဖြစ်သည်။

 

ကျဉ်းမြောင်းသေးငယ်သောဧရိယာအတွင်း လူပေါင်းများစွာ ပြောင်းရွှေ့လာသည်နှင့်အမျှ ရောဂါပြန့်ပွားနိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေး‌နေသကဲ့သို့ ဖြစ်နေပြီး ပျမ်းမျှအားဖြင့် လူ ၇၀၀ အတွက် ရေချိုးခန်း တစ်ခန်းနှင့် လူ ၁၅၀ တိုင်းအတွက် အိမ်သာတစ်လုံးသာ ရှိသည်ဟု တက်ဒရော့ က ပြောသည်။

 

ဂါဇာဒေသ၌ မူလရှိနေသည့် ဆေးရုံ ၃၆ ရုံအနက်မှ ဆေးရုံ ၁၄ ရုံသာ တစ်စိတ်တစ်ပိုင်း လည်ပတ်နိုင်တော့သည်ဟု ၎င်း က ထပ်လောင်းပြောဆိုသည်။

 

အပစ်အခတ် ရပ်စဲရေးသည် ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများ၏ ကျန်းမာရေးကို အမှန်တကယ် ကာကွယ်ရန်နှင့် မြှင့်တင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သော်လည်း ပြီးခဲ့သည့်အပတ်အတွင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီက မချမှတ်နိုင်ခဲ့သည့်အတွက် အထူးစိတ်မကောင်းဖြစ်ရကြောင်း ၎င်းက ပြောကြား ခဲ့သည်။

 

အင်န်အိတ်ချ်ကေ