ဂျေရုဆလင်၊ မေ ၂၈

 

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး တပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေး ဆင်နွှဲမှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၆၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်များက မေ ၂၇  ရက်တွင် သတင်းထုတ်ပြန်သည်။

 

သေဆုံးသူ ၃၆၀၅၀ ဦး

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆၆ ဦး သေဆုံးကာ ၃၈၃ ဦး ဒဏ်ရာရ ခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၃၆၀၅၀ နှင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစပြီး ထိခိုက် ဒဏ်ရာရသူပေါင်း ၈၁၀၂၆ ဦး ရှိကြောင်း သိရသည်။

 

မေ ၂၆ ရက်တွင် အစ္စရေးတပ်ဖွဲ့ဝင်များက ပါလက်စတိုင်း ဒုက္ခ သည် တစ်သန်းကျော် ခိုလှုံနေကြသည့် ရာဖာမြို့၌ မြေပြင်ထိုးစစ်ဆင်ခဲ့ရာ ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီး ရွယ်အိုများအပါအဝင် ၄၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဟားမတ်စ် အကြီးတန်းအရာရှိ နှစ်ဦးကို ဖမ်းဆီးရန် ဒုက္ခသည်များ နေထိုင်လျက်ရှိသည့် ယာယီတဲများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားခဲ့ပြီး အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

 

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးလေယာဉ်နှင့် ဒရုန်းများသည် ဟားမတ်စ်အဖွဲ့၏လက်နက် သိုလှောင်ရုံများနှင့် အဆောက်အအုံများအပါအဝင် ဂါဇာရှိပစ်မှတ် ၇၅ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်