ဂျေရုဆလင်၊ ဇွန် ၁၆

ဂါဇာကမ်းမြောင်ဒေသ၌ ချက်ချင်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုထားသော်လည်း နယ်မြေတောင်ပိုင်းတွင် ငတ်မွတ်မှုဘေးဆိုးများ မကြာမီဖြစ်ပေါ်လာနိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက ယမန်နေ့တွင် ပြောကြား သည်။  

အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လွှတ်ပေးရေး ညှိနှိုင်းမှုများသည် လက်ရှိအချိန်အထိ အောင်မြင်မှုမရရှိသေးဘဲ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ဂါဇာရှိ လူသားချင်းစာနာမှု အခြေအနေမှာ ဆိုးရွားလျက်ရှိသည်။

 

၁၉ ဦး သေဆုံး

ဇွန် ၁၅ ရက်တွင် ဂါဇာမြောက်ပိုင်းရှိ နေအိမ်များကို အစ္စရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်မှု ကြောင့် ၁၉ ဦး သေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များကို ကိုးကား၍ ပါလက်စတိုင်း မီဒီယာတစ်ခုက သတင်းဖော်ပြခဲ့သည်။

ဂါဇာကမ်းမြောင်၌ ပြည်သူများသည် မိလ္လာစနစ်များ၊  အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ  ပျက်စီးဆုံးရှုံးလျက်ရှိနေကြောင်း  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ လက်ထောက်အမှုဆောင် ဒါရိုက်တာ ကားလ်စကာအူက ပြောသည်။

တောင်ပိုင်းရှိ ရာဖာမြို့အပါအဝင် ဂါဇာရှိအချို့သောနေရာများတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိခြင်း ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများတွင် စားနပ်ရိက္ခာ အကူအညီများ ပေးပို့ရန် မဖြစ်နိုင် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ပြည်သူများ ငတ်မွတ်ခေါင်းပါးမှုနှင့်  ရင်ဆိုင်နေရကြောင်းလည်း ၎င်းကဆိုသည်။

ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ ပေးပို့ရာတွင် အသုံးပြုသည့် ယာယီဆိပ်ခံအား ပင်လယ် ရေမြင့်တက်လာမှုကြောင့် ပင်လယ်ရေကြောင်းစင်္ကြံမှ ယာယီဖယ်ရှား မည်ဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ကြေညာခဲ့သည်။

ရာသီဥတု  ကောင်းမွန်သည့်အချိန်တွင် ဆိပ်ခံတံတားအား ကမ်းစပ်တွင် ပြန်လည် ကျောက်ချမည်ဖြစ်ပြီး  ကယ်ဆယ်ရေးပစ္စည်းများ  သယ်ယူပို့ဆောင်ခြင်းကို ပြန်လည် စတင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်