အောက်တိုဘာ ၂၉
ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ဟားမတ်စ်သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု ပြောကြားပြီးနောက် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည်။
ငြိမ်းချမ်းရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားသော အစ္စရေးဓားစာခံတစ်ဦး၏ ရုပ်ကြွင်းများမဟုတ်သည့် ရုပ်ကြွင်းများကို ဟားမတ်စ်က လွှဲပြောင်းပေးအပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
သဘောတူညီချက်၏ စည်းကမ်းချက်များအရ အောက်တိုဘာ ၁၃ ရက်တွင် ဓားစာခံ ၄၈ ဦးစလုံးကို အစ္စရေးသို့ ပြန်လည်ပေးအပ်ရမည်ဖြစ်သော်လည်း ဟားမတ်စ်က ထိုသို့ပြုလုပ်ရန် နှောင့်နှေးခဲ့သည်။
ဟားမတ်စ်သည် ယခင်နေ့က ဓားစာခံတစ်ဦး၏ ရုပ်ကြွင်းများကို လွှဲပြောင်းပေးအပ်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ယမန်နေ့က ကြေညာခဲ့သည်။ သို့သော် အသေးစိတ်စစ်ဆေးမှုများအရ ၎င်းရုပ်ကြွင်းသည် ကျန်ရှိနေသော သေဆုံးသူဓားစာခံများထဲမှ တစ်ဦးတစ်ယောက်နှင့် မသက်ဆိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဂါဇာတွင် ရှိနေသေးသော အစ္စရေး သေဆုံးသူဓားစာခံ ၁၃ ဦး၏ ရုပ်ကြွင်းများကို ဟားမတ်စ်က ရှာဖွေဖော်ထုတ်နိုင်ကြောင်းကို အပြည့်အဝသိရှိပြီးဖြစ်ကြောင်း အစ္စရေးအစိုးရပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။
အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသတွင် လူ ၂၆ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
အစ္စရေး၏ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်မှုကြောင့် သေဆုံးသူဓားစာခံတစ်ဦးကို လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားမှုကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ဟားမတ်စ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အစ္စရေး၏ စစ်ရေးတိုးမြှင့်မှုသည် ရုပ်အလောင်းများကို ရှာဖွေခြင်းနှင့် ပြန်လည်ရယူခြင်းတို့ကို အဟန့်အတားဖြစ်စေလိမ့်မည်ဟု ကြေညာချက်တွင် အလေးပေးဖော်ပြထားသည်။
နှစ်ဖက်စလုံး အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းရန်နှင့် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပြောကြားလျက်ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


