ဂျီနီဗာ ဒီဇင်ဘာ ၁၉
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အကြီးအကဲ ဂါဘရီယီဆက်က ထပ်မံတောင်းဆိုခဲ့သည်။ ဂျီနီဗာတွင်ကျင်းပသည့် ကုလ သမဂ္ဂ အသိအမှတ်ပြု သတင်းထောက်များအသင်း နှစ်ပတ်လည်သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ချီးကျူးပြောကြား
ဂါဇာကမ်းမြောင်ဒေသသို့ ဆေးဘက် ဆိုင်ရာ ဝန်ထမ်းများ ဝင်ရောက်ခွင့်ပြုရေး အပါအဝင် ဂါဇာရှိ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ရန် WHO အမှုဆောင်ဘုတ်အဖွဲ့၏ အထူး အစည်းအဝေးတွင် ချမှတ်ခဲ့သော ဆုံးဖြတ် ချက်နှင့်စပ်လျဉ်း၍ ၎င်းက ချီးကျူးပြောကြားသည်။
အဆိုပါဆုံးဖြတ်ချက်အရ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများကို ဆက်လက် အစီရင်ခံရန်၊ အကျပ်အတည်း၏ စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို အကဲဖြတ် ရန်၊ နည်းပညာနှင့် ထောက်ပံ့ရေးပစ္စည်းအကူအညီများ တိုးမြှင့်ရန် တောင်းဆိုထားသော်လည်း လက်ရှိအခြေအနေတွင် ဂါဇာဒေသ၌ အဆိုပါတာဝန်များကို ထမ်းဆောင်ရေးမှာ မဖြစ်နိုင်သေး ကြောင်းနှင့် တစ်ခုတည်းသော စစ်မှန်သောကုစား မှုမှာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ ယခုနှစ်တွင် နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း များ၊ လူနာများ၊ ဆေးရုံများ၊ ဆေးခန်းများနှင့် လူနာတင်ယာဉ်များအပေါ် တိုက်ခိုက်ခံရမှု၁၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူ ၇၀၀ နီးပါး သေဆုံး ကာ ၁၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ၎င်းက ပြောကြား သည်။ ကျန်းမာရေး ကဏ္ဍအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထား မှု ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ၎င်းက ရှုတ်ချပြောကြားခဲ့သည်။
သေဆုံးခဲ့
ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက် ကတည်းစတင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ကြောင့် ပါလက်စတိုင်း ၁၈၇၀၀ ကျော် သေဆုံးခဲ့ ပြီး ၎င်းတို့ထဲမှ ၇၀ ရာခိုင်နှုန်းသည် အမျိုးသမီးနှင့် ကလေးများဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား - စီဂျီတီအင်န်
ဘာသာပြန် - စိုးသူရ